Skip to main content

တစ္ဆေ ရှိမရှိ လေ့လာသုံးသပ်ခြင်း !

တစ္ဆေ ရှိမရှိ လေ့လာသုံးသပ်ခြင်း !
----------------------------------
တစ္ဆေအကြောင်းကို ရှေ့ဦးပထမ စေ့ငှသေခြာစွာ လေ့လာခဲ့သော စိတ်ဝိညာဉ် သုတေသီ အက်ဒမွန်ဂါနီ၏ အလိုအားဖြင့် တစ္ဆေသည် မြင်သောပုဂ္ဂိုလ်၏ စိတ်အထင်သက်သက်မဟုတ်ပဲ သေဆုံးပြီးသော ပုဂ္ဂိုလ်တစ်ဦးဦးနှင့် ဆက်စပ်နေရန်အတွက် အချက်သုံးချက်နှင့် ညီညွှတ်ရပေမည်ဖြစ်၏ ။ ပထမအချက်မှာ တစ္ဆေကို လူနှစ်ဦး သုံးဦးက မြင်ရရမည် ။ ဒုတိယအချက်မှာ တစ္ဆေကိုမြင်သောသူသည် ရှေးက သေပြီးဖြစ်သော ဆိုင်ရာလူကို လုံးဝမြင်ဖူးခြင်းမရှိရ ။ သို့ရာတွင် သူမြင်သော တစ္ဆေသည် ထိုသေပြီးသောသူနှင့် ပုံသဏ္ဍာန်တူရမည် ။ တတိယအချက်မှာ တစ္ဆေသည် သက်ရှိလူအား သတင်းတစ်ခုခုပေးရမည် ။ ထိုသတင်းမှာ တစ္ဆေကိုမြင်သောသူ ကြားသိပြီး မဖြစ်စေရ ။ မှန်ကန်သော သတင်းဖြစ်ကြောင်း နောက်ကာလ၌ အတည်ပြုနိုင်ရမည်ဖြစ်၏ ။

စိတ်ဝိညာဉ် သုတေသနအသင်း၏ မှတ်တမ်းများ၌ တစ္ဆေကို ပုဂ္ဂိုလ် နှစ်ဦးသုံးဦးပင်မဟုတ် ထိုထပ်မက များပြားသောပုဂ္ဂိုလ်များ တစ်ပြိုင်နက်မြင်ဖူးသော သာဓကများကို ဆိုထား၏ ။ တစ္ဆေက သက်ရှိလူအား သတင်းပေးသော သာဓကများလည်းရှိ၏ ။ အချို့သော ထိုသတင်းပေးမှုများ၌ တစ်စုံတစ်ခုသော ရည်ရွယ်လျက်ရှိမှု ကြံစည်အားထုတ်မှုသည် ထင်ရှား၍ သက်ရှိလူ၏ စိတ်အထင်မဟုတ်ပဲ တမလွန်လောကမှ တစ်စုံတစ်ဦး၏ လုပ်ဆောင်မှုဖြစ်ခြင်းကို ယုံမှားစရာမရှိကြောင်း သုတေသီတို့ မှတ်တမ်းတင်ထားကြလေသည် ။

ထိုမှတ်တမ်းများထဲမှ အနည်းငယ်ထုတ်ဖေါ်တင်ပြရလျှင်မူ မစ္စစ်ဟူးတယ်လဗော့ ဆိုသောမိန်းမသည် နတ်ဝင် မစ္စစ်လီအိုနတ်အား ကွယ်လွန်သူ မိမိခင်ပွန်းအကြောင်းစုံစမ်း၏ ။ နတ်ဝင်၏ ဓါတ်ဆီးသည် သေသူထံမှ သိရှိရသော အချက်များကို ပြောပြရာ၌ စာအုပ်တစ်အုပ်အကြောင်းပါရှိ၏ ။ စာအုပ်မှာ ပုံနှိပ်စာအုပ်မဟုတ်ပဲ အရှည် ၁၀ လက်မ အကျယ် ၅ လက်မ ခန့်ရှိ မှတ်စုစာအုပ်ဖြစ်၍ အဖုံးမှာ အညိုရောင် သားရေဖုံးဖြစ်သည်ဆို၏ ။သေသူက သူ၏ ဇနီးအား ထိုစာအုပ်ကို ရှာဖွေစေလိုသည် ။ စာအုပ်အတွင်း ရှေ့မျက်နှာ၌ ဘာသာစကားများအကြောင်း ဇယားပါရှိသည် ။ စာမျက်နှာ ၁၃ ၌ စိတ်ဝင်စားဖွယ်ရာ အကြောင်းတစ်ခုကို တွေ့ရမည်ဆို၏ ။

မစ္စစ်တယ်လဗော့မှာ ထိုစာအုပ်ကို မြင်ဖူးသည်မဟုတ် ။ မည်သည့်နေရာ၌ ရှိမှန်းလည်းမသိချေ ။ သို့ဖြင့် စိတ်မပါတစ်ပါနှင့် စာအုပ်ကို ရှာဖွေကြည့်ရာ စာအုပ်စဉ်တစ်ခု၏ နောက်တွင် မှတ်စုစာအုပ်ဟောင်း နှစ်ခုကိုတွေ့ရ၏ ။ စာအုပ်တစ်အုပ်မှာ ဓါတ်စီးပြောသည့်  အညိုရောင်အဖုံးနှင့် အရွယ်အတိုင်းဖြစ်၏ ။ အတွင်း၌ ဥရောပနှင့် အခြားဘာသာစကားများ၏ စာရင်းဇယားကို ရေးထား၏ ။ စာမျက်နှာ ၁၃ ၌ သေခြင်းတရားသည် ကြောက်စရာမရှိပုံကို စာအုပ်တစ်ခုမှ ကူးယူထားသည်ကို တွေ့ရလေသည်ဟုဆိုသည် ။ ထိုထက် အံ့သြဖွယ်ကောင်းသော အကြောင်းအရာတစ်ခုမှာ ၁၉၁၃ ခုနှစ်၌ အမေရိကန်အမျိုးသမီး မစ္စစ်ကာရန်၏ အော်တိုမက်စ် စာပေအကြောင်းပင်ဖြစ်၏ ။

ထိုစာပေမှာ အင်္ဂလိပ်စာပေသမိုင်း၌ အလွန်ထူးခြားသော စာပေဖြစ်၏ ။ မစ္စစ်ကာရန်က ပေးရှင့်ဝါ့သ် ခေါ် တစ္ဆေ၏ ဦးဆောင်ညွှန်ကြားမှုဖြင့် ရေးသားသည်ဆို၍ ပေးရှင့်ဝါ့သ်မှာ ၁၇ ရာစုအတွင်းက အင်္ဂလန်ပြည်မှ အမေရိကန်ပြည်သို့ ပြောင်းရွေ့လာသော အမျိုးသမီးဖြစ်သည်ဆို၏ ။ ဓါတ်စီးနေသောအချိန်၌ မစ္စစ်ကာရန်သည် ဝတ္ထုကဗျာ အတော်များများ ရေးသားခဲ့ပေရာ အလွန်အဆင့်အတန်းမြင့်သော စာပေများဖြစ်သည်ဟု စာပေပညာရှင်တို့က ယူဆကြ၏ ။ ထူးခြားချက်မှာ ထိုဝတ္ထုများသည် ၁၇ ရာစုနှစ်က သုံးစွဲသော အင်ဂလိုဆက်ဆွန်စကားများ ၉၀ ရာခိုင်နှုန်း ပါရှိ၍ ထိုခေတ်က အင်္ဂလန်ပြည်အခြေအနေကို တိကျမှန်ကန်စွာ ဖေါ်ပြထားခြင်းဖြစ်သည် ။

မစ္စစ်ကာရန်မှာ အင်္ဂလန်ပြည်ကို ရောက်ဖူးသူမဟုတ် ။ သမိုင်းအခြေခံ ဗဟုသုတအလွန်နည်းပါး၍ ၁၇ ရာစုခေတ်က အင်္ဂလန်ပြည်အကြောင်း၌ စိတ်ဝင်စားခြင်းမရှိ ။ အထူးလေ့လာရန် အခွင့်အလမ်းလည်းမရှိခဲ့ချေ ။ သို့ဖြစ်၍ သူ၏ စာပေများသည် သူပြောသည့်အတိုင်းဓါတ်ဆီး၍ ဖန်တီးမှုမဟုတ်ပဲ သူ၏ ပရဝိညာဉ် လုပ်ဆောင်မှုဖြစ်သည်ဆိုပါက ပရဝိညာဉ်သည် ကမ္ဘာ့ စာကြည့်တိုက်များရှိ စာအုပ်များဆိုင်ရာ အထွေထွေ ဗဟုသုတများကို ထုတ်နုတ်သုံးစွဲနိုင်စွမ်းရှိသည်ဟု ယူမှတ်ရပေလိမ့်မည် ။ ထိုအရာမှာ အဓိပ္ပါယ်မရှိလှသဖြင့် သုတေသီတို့မှာ သေသူတစ္ဆေအမှန်ညွှန်ကြားသည်ဟု ယုံမှတ်ထားကြလေ၏ ။

အခြားသော အကြောင်းအရာများစွာလဲ ရှိနေပါသေးသည် ။ ထိုထဲမှ ထင်ရှားသော သုတေသီတွေ့ရှိချက်များမှာ စိတ်ကူးပုံပြင်မျိုးမဟုတ်ပဲ အထက်ဖေါ်ပြပါ အထောက်အထားခိုင်လုံစွာ လေ့လာစမ်းသပ်တွေ့ရှိမှုများပင်ဖြစ်လေသည် ။ မြန်မာနိုင်ငံအတွင်း၌ ထိုကဲ့သို့ တစ္ဆေတွေ့ရှိမှု ခြောက်မှု အစရှိသရွေ့တို့မှာ အလွန်များးပြားစွာ ရှိကြပါသော်လည်း ၄င်း မြန်မာစာပေများမှ ထုတ်ဖေါ်မပြထားခြင်းသည် အစွဲကိုယူ၍ ဖေါ်ပြသည်ဟု စာရှုသူတို့ တွေးထင်မိမည်စိုးသောကြောင့် မှတ်တမ်းဝင်အကြောင်းအရာများကိုသာ ဖေါ်ပြပေးခြင်းဖြစ်လေသည် ။

ဂါဒနာမာဖီ သည်စိတ်ပညာကျမ်းများရေးသားခဲ့သော ထိပ်တန်းစိတ်ပညာရှင်တစ်ဦးဖြစ်၍ တစ်ခါက အမေရိကန်စိတ်ပညာအသင်း၏ ဥက္ကဋ္ဌဖြစ်ခဲ့ဖူး၏ ။ အနောက်တိုင်း စိတ်ပညာသည် ရုပ်ဝါဒကို အခြေခံ၍ စိတ်ပညာရှင်တို့သည် အများအားဖြင့် တမလွန်ဘဝကို မဆိုထားဘိ စိတ်ဝိဉာဉ် သုတေသန နယ်မှ အချို့သော တွေ့ရှိရချက်များကိုပင် အသိအမှတ် မပြုလိုကြချေ ။ ဂါဒနာဖီသည် တမလွန်ဘဝကို လက်ခံလိုသောသူမဟုတ်ပါ ။ သို့ရာတွင် သူ၏စာအုပ်တစ်အုပ်၌ အောက်ပါအတိုင်း ရေးသားခဲ့လေသည်။

" တမလွန်ဘဝပြဿနာနှင့်ပတ်သက်၍ ကျွန်ပ် မည်သို့ခံယူပါသနည်းဟု စာဖတ်သူတို့က မေးငြားအံ့ ရွှေ့ပြောင်း၍မရသော အရာဝတ္ထုတစ်ခုကို အလွန်ကြီးမားသော အားတစ်ခုက ရိုက်ခတ်သောအခါ မည်သို့ဖြစ်ပါသနည်းဟု ပြန်မေးရပါမည်။ ကျွန်ပ်အဖို့ တမလွန်ဘဝအတွက် တွေ့ရှိရသော အထောက်အထားများကို မျက်ကွယ်ပြုရန် မဖြစ်နိုင်ပါ ။ သို့ရာတွင် တမလွန်ဘဝကိုလည်း ကျွန်ပ်လက်မခံနိုင်ပါ ။ ကျွန်ပ်၏ ယုံကြည်မှုသည် ၅၅ ရာခိုင်နှုန်းဖြစ်သလော ၄၅ ရာခိုင်နှုန်းဖြစ်သလောဟု မေးပါက အချည်းနှီးဖြစ်ပေလိမ့်မည် ။ အသက်ခြောက်ဆယ်ကျော် စိတ်ပညာရှင် တစ်ဦးအနေဖြင့် ပြောဆိုရမည်ဆိုပါက ကျွန်ပ်သေပြီးနောက် ဆက်လက်၍ ရှိနေလိမ့်မည်ဟု မမျှော်လင့်ပါ ။ သို့ရာတွင် ဒဿနဗေဒ ဖီလော်ဆော်ဖီ ဆွေးနွေးပွဲ၌ အလေးအနက် ထင်မြင်ချက်ပေးရမည်ဆိုပါက တမလွန်ဘဝမရှိဟု ကျွန်ပ်ပြောမည်မဟုတ်ပါ ။ ကျွန်ပ်စိတ် မတင်မကျဖြစ်နေခြင်းမှာ ဤပြဿနာနှင့် ပတ်သက်၍ ပြတ်ပြတ်သားသားမဆုံးဖြတ်နိုင်သောကြောင့် ဖြစ်ပါသည် ။ နောက်ထပ်အထောက်အထားများ အတွေးအမြင်သစ်များနှင့် ရဲဝံ့ပျက်သားသော စိတ်ဓါတ်ရှိဖို့ ကျွန်ပ်တို့ လိုနေပါသည် " ဟု ရေးသားဖေါ်ပြခဲ့လေသည် ။

ထိုပုဂ္ဂိုလ်မှာ အလွန် လက်တွေ့ကျသောအထောက်အထားကိုသာ လက်ခံကြောင်း အထက်၌ဖေါ်ပြခဲ့ပြီးဖြစ်ပါသည် ။ သို့သော် ထိုသို့ သုတေသီတို့ဖေါ်ထုတ်ရှာဖွေတွေ့ရှိချက်များမှာ အလွန်ဆန်းကျယ်လှကြောင်း ထင်ရှားစေရုံသာမက အထောက်အထားများခိုင်လုံနေသောကြောင့် တမလွန်ဘဝကိုငြင်းဆန်ရန် ခက်ခဲ့ကြောင်းတွေ့ရှိရ၏ ။ ဤအရာကိုလည်း ကျွန်ပ်တို့ ဆင်ခြင်ရန်အလွန်လိုအပ်လှသည် ။ အောက်၌ တွေ့ရှိချက်များကို အနည်းငယ် ဖေါ်ပြပါအုန်းမည် ။

သုတေသီတို့ မှတ်တမ်းတင်ထားသော အရာများကိုဖေါ်ပြရလျှင် ၁၆ နှစ်အရွယ် အမေရိကန် မိန်းမပျိုတစ်ဦးမှာ သေခါနီး၌ မြောပါသွားရာမှ သတိပြန်ရလာ၏ ။ သူ၏စိတ်မှာ ကြည်လင်နေ၍ သူနာပြု ဆရာမအား " ကျွန်မ မထနိုင်ဘူး " ဟုပြော၏ ။ ဆရာမက သူ့ကိုအနည်းငယ်ထူမပေးရာ " အို . . . ကျွန်မသူ့ကိုမြင်ပြီ ။ မြင်ပြီ ။ ကျွန်မလာမယ် " ဟုပြောပြီး သေဆုံး၏ ။ သူ၏မျက်နှာမှာ ကြည်လင်ရွှင်ပျသော အသွင်လက္ခဏာရှိ၏ဟု ဆိုသည် ။ ကလေးတစ်ယောက်မှာ အိပ်ယာပေါ်၌ ငြိမ်သတ်စွာ လှဲနေရာမှ ရုတ်တရက် ထိုင်လိုက်၏ ။ ထို့နောက် လက်နှစ်ဖက်ကို ဆန့်တန်းကာ မေမေဟု ခေါ်ပြီးနောက် လဲကျသေဆုံးကြောင်း ပြဆိုမှတ်တမ်းတင်ထား၏ ။

ဆရာဝန်ပြောပြသော လူနာတစ်ဦးမှာ " လူနာသည် သတိကောင်းစွာရ၍ ဆေးပေးကျွေးထားခြင်းမရှိချေ ။ စိတ်ကြည်လင်နေပြီး ရောဂါသက်သာ၍ အိမ်သို့ ပြန်ရတော့မည်ဟု မျော်လင့်လျက်ရှိသည် ။ သူသည် အသက်ခုနှစ်ဆယ်ကျော် မိန်းမ လူနာတစ်ဦးဖြစ်သည် ။ သူက ရုတ်တရုပ်ပြုံး၍ ဆရာမကိုခေါ်ပြီး " ဟိုမှာ ချာလီ ( သူမ၏ခင်ပွန်း ) ကိုမမြင်ဘူးလား ။ သူငါ့ကိုစောင့်နေတယ် " ဟုပြော၏ ။ သူသတိကောင်းပြီး စိတ်ကြည်လင်နေပုံကို ထောက်ချင့်၍ ဆရာမက သူ့ခင်ပွန်းကို သူတကယ်မြင်လိုက်ခြင်း ဖြစ်မည်ဟု ယုံကြည်ကြောင်း ဆိုသည် " ဟုဖေါ်ပြထားသည် ။ နေအိမ်၌ နှလုံးရောဂါဖြင့် သေဆုံးသော အသက် ခုနှစ်ဆယ်ကျော် လူနာတစ်ဦးမှာ သေခါနီး၌ သတိကောင်း၍ အဖျားမရှိ စိတ်ငြိမ်ဆေး စသည်များ ကျွေးထားခြင်းလည်းမရှိချေ ။ ဆရာဝန်၏ အဆိုအားဖြင့် " သူသည် ကျွန်တော့်ကိုကျော်ပြီး ကွယ်လွန်သူ မိမိဇနီးအား " မေရီ မင်းငါ့ကို ခရမ်းချည်သီးတစ်လုံး သွားယူစမ်းပါလားကွယ် " ဟုပြောသည် ။ ကွယ်လွန်သူ သူ့ဇနီးနှင့် အခြားစကားများပြောပြီးနောက် ကျွန်တော့ဘက်သို့လှည့်၍ " ကျုပ်မိန်းမနဲ့ ကျုပ်စကားပြောနေတယ်ဆိုတော့ ခင်ဗျားက ကျုပ်ကို ရူးတယ်လို့ ထင်မှာပဲ ။ ဒါပေမယ့် သူ့ကိုတကယ်မြင်ရပါတယ် " ဟု ဆိုကြောင်း ပြော၏ ။ကင်ဆာရောဂါဖြင့် သေခါနီးဆဲဆဲ မိန်းမတစ်ဦး၏ ပြောဆိုပြုမူပုံမှာ တမလွန်လောကနှင့် တကယ်ပင် တွေ့ထိနေပုံမျိုးဖြစ်၍ သူနာပြု ဆရာမ၏ ခေါင်းထဲ၌ စွဲမြဲကျန်ရစ်ခဲ့သည်ဟုဆိုကာ သူနာပြုဆရာမက အောက်ပါအတိုင်း ပြောပြ၏ ။ " လူနာသည် ပြုံး၍ တိုးညင်းသာယာသော အသံဖြင့် သူ၏ ကွယ်လွန်သူ ခင်ပွန်းယောက်ျားနှင့် ချစ်စားမြုံ့ ပြန်နေပါသည် ။ မိမိခင်ပွန်းကို မည်မျှချစ်ကြောင်း သတိရခဲ့ကြောင်း မကြာမီ မိမိတို့ နှစ်ဦး ပြန်လည်ပေါင်းစုံကြရတော့မည်ဖြစ်ကြောင်း ပြောပါသည်။ ယောက်ျားလက်ကို ဆုပ်ကိုင်သလိုပြု၍ " ရှင်တော်တော် ကျန်းမာပုံရတယ် " ဟုဆိုပါသည် ။

သူနာပြုဆရာမက " အဲဒီ့တုန်းက ကျွန်မမြင်တွေ့ခဲ့ရတာဟာ တကယ် ကြောက်စရာကောင်းတာပဲ။ ကျွန်မ တစ်သက်နှင့် တစ်ကိုယ် တွေ့ကြုံသမျှထဲမှာ စိတ်ချောက်ချားစရာအကောင်ဆုံးပဲ ။ သူ့ယောက်ျား သူမြင်တယ်ဆိုတာ အမှန်ဖြစ်ရမယ် ။ အဲဒီ့တုန်းက ကျွန်မမှာ ကင်မရာရှိရင် သူ့မျက်နှာကို ဓါတ်ပုံရိုက်ထားမိမှာပဲ ။ သူ့မျက်နှာဟာ ပြုံးလို့ ကြည်လို့ နှစ်သိမ့်ကျေနပ်တဲ့ လက္ခဏာ အထင်းသားပေါ်နေပါတယ် " ဟုဆိုလေသည် ။

နယူးဒေလီမြို့မှ လူနာတစ်ဦးမှာ ခွဲစိတ်ခံပြီး သက်သာမှ ကွယ်လွန်သူ မိမိအဘိုးကို အာရုံထင်လာ၏ ။ " ကျွန်တော့်အဘိုးက ဒီနားရောက်နေတယ် ။ သူ ကျွန်တော့်ကို ခေါ်ဖို့လာတာပါ ။ ကျွန်တော်သူနဲ့လိုက်မသွားချင်ဘူး ။ ကျွန်တော့်ကို တစ်ယောက်တည်း ပစ်မထားပါနဲ့ " ဟု ဆရာဝန်အား ပြော၏ ။သူသည်ထိုခဏက သတိကောင်း၍ မေးသမျှကို ကောင်းစွာ ဖြေကြားနိုင်၏ ။ သို့ရာတွင် သူ့အဘိုးကိုမြင်၍ စိတ်တုန်လှုပ် ခြောက်ချားပြီး တစ်နာရီအတွင်း သေဆုံးသည်ဟုဆိုလေသည် ။ လူနာတစ်ဦးမှာ အဖျား ၁၀၃ ဒီဂရီရှိသော်လည်း သတိမလစ်ချေ ။ သူသည် အမေဖြစ်သူအား " မာမီ ဟိုမှာလူတစ်ယောက်ရပ်နေတယ် ။ သူ့မှာလှည်းပါလာတယ် ။ သူက ကျွန်တော့်ကို ခေါ်မယ်လို့ပြောနေတယ်။ ကျွန်တော်သူနဲ့ လိုက်မသွားချင်ဘူး ။ မာမီနဲ့အတူ နေချင်တယ် " ဟုအော်ပြီနောက် " ကျွန်တော့်ကို အတင်းဆွဲခေါ်နေတယ် ။ ကျွန်တော့်ကို ကိုင်ထားပါ ။ ကျွန်တော်သူနဲ့လိုက်မသွားချင်ဘူး " ဟုပြောရင်း သေဆုံးကြောင်း မှတ်တမ်းတင်ထားလေသည် ။

အထက်ပါအကြောင်းအရာများသည် သုတေသီတို့ ရှာဖွေမှတ်တမ်းတင်ထားသော လူနာများနှင့်အနီးစပ်ဆုံး ဖြစ်ကြသည့် ဆရာဝန်များအဆိုကို အနည်းငယ် ရွေးချယ်ဖေါ်ပြထားခြင်းသာဖြစ်ပါသည် ။ ဤကဲ့သို့ပင် သေဆုံးခါနီးလူနာများအား တွေ့ရှိချက်များ အလွန်များပြားစွာ ကျန်ရှိနေသေးသည် ။ အံ့သြစရာကောင်းသည်မှာ အချက်တိုင်းလိုလိုပင် သေသူများကိုမြင်ပုံ လာခေါ်ကြောင်း အလင်းတန်း အစရှိသရွေ့တို့မှာ အများအားဖြင့် ထပ်တူကြလေ၏ ။ ကျွန်ပ်တို့ ဆင်ခြင်ရမည်မှာ ဤအရာများသည် စိတ်အမှန်းမဟုတ်ကြောင်း ကောင်းစွာထင်ရှားလေသည် ။ လူအများစု တွေ့မြင်ရသောအချက်ဖြစ်သောကြောင့် တမလွန်လောကသားများ ရှိမရှိ သေခြာလေးနက်စွာ ဆင်ခြင်ရန်လိုလှ၏ ။

တမလွန်ဘဝကို နှစ်ပေါင်းများစွာ သိပ္ပံနည်းကျကျ စူးစမ်းလေ့လာခဲ့သော အနောက်တိုင်းပညာရှင်တစ်ဦးကမူ " တမလွန်ဘဝ ဧကန်ရှိသည်ဟု ကျွန်ပ်ယုံကြည်ပါသည် ။ သို့ရာတွင် တမလွန်ဘဝကို ကျွန်ပ် စိတ်မဝင်စားပါ ။ ကျွန်ပ်တို့၏ လက်ငင်းအလုပ်မှာ ပစ္စုပ္ပန်ကို ဂရုပြုရန် ဖြစ်ပါသည် ။ လူသတ္တဝါများမှာ အတိတ်နှင့် အနာဂတ်ကို စဉ်းစားတွေးတောမနေဘဲ လက်ငင်း ဖြေရှင်းရမည့် ပြဿနာအခက်အခဲ အမြောက်အများ ရှိပါသည် " ဟု ဆိုခဲ့ကြောင်းလေ့လာတွေ့ရှိချက်များကို အတက်နိုင်ဆုံးစုစည်းကာ ရေးသားတင်ပြလိုက်ရပါလေ၏ ။

အထက်ပါအကြောင်းအရာများနှင့်ပတ်သက်၍ ကျွန်ပ်တို့သည် သေသည်၏ အခြား၌ မည်ကဲ့သို့ တည်ရှိကြသနည်းဟူ အမှတ်မထင် မေ့မထားသင့်သလို အရေးမပါသော အရာများ အထောက်အထားများဟူ၍ မှတ်ယူမထားသင့်ပါကြောင်း လေ့လာတွေ့ရှိ မှတ်ထားခဲ့ရပါ၏ ။

ဗဟုသုတ ရှိကြကာ အကောင်းဆုံးသောအဖြေများကို ဆင်ခြင်နိုင်ကြပါစေ ။

#htoohtoolay

Comments

Popular posts from this blog

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

သင်္ကြန်

သင်္ကြန် ----- နှစ်သစ်ကူးပွဲတော်ကို မြန်မာတို့က သင်္ကြန်ပွဲတော်ဟု သိကြသည် ။ သင်္ကြန်ဟူသော စကားမှာ သက္ကဋဘာသာမှ လာခြင်းဖြစ်ပြီး ၊ ၁၂ ရာသီခွင် တစ်ခုခုသို့ နေမင်းဝင်ရောက်ခြင်းဟု အဓိပ္ပာယ်ရှိသည် ။ နှစ်သစ်ကူးပွဲတော်ကို ၊ မြန်မာ့နက္ခတ္တဗေဒတွင် မဟာသင်္ကြန်ဟု ခေါ်ကြသည် ။ နေသည် မိန်ရာသီ ( ငါးရုပ် ) မှ မိဿရာသီ ( ဆိတ်သိုးရုပ် ) သို့ ကူးပြောင်းမှုကို အထိမ်းအမှတ် ပြုခြင်း ၊ နေနှစ်တစ်နှစ်၏ အဆုံးမှ နောက်နှစ်တစ်နှစ်၏အစသို့ ကူးပြောင်း သော အရေးကြီးသည့် အကူးအပြောင်း ဖြစ်ခြင်းတို့ကြောင့် မဟာသင်္ကြန်ဟု ခေါ်ခြင်းပင် ဖြစ်သည် ။ မြန်မာ့ပြက္ခဒိန်သည် လပြက္ခဒိန် ဖြစ်သောကြောင့် ပွဲတော်ရက်ကို အရှင်ထားရသည် ။ ပုံသေ သတ်မှတ်ထား၍ မရ ။ တစ်နှစ်နှင့်တစ်နှစ် နှစ်သစ်ကူးသော ရက်လ မတူကြပေ ။ သို့သော် အနောက်တိုင်း ပြက္ခဒိန်မှာ နေပြက္ခဒိန်ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဧပြီ ၁၃ မှ ၁၅ ရက် သို့မဟုတ် ၁၃ မှ ၆ ရက် သို့မဟုတ် ၁၄ မှ ၁၆ ရက်အတွင်း ပွဲတော် ကျရောက်လေ့ ရှိသည် ။ မြန်မာတို့က နှစ်တစ်နှစ်ကို တွက်ချက်သောအခါ နေ၏အသွား အလာကိုပါ ထည့်သွင်းစဉ်းစားသည်ဟု ဆိုနိုင်သည် ။ ထို့ကြောင့် မြန်မာနှစ် ၏ ပထမလဖြစ်သော တန်ခူးလကို နှစ်သစ်မတိုင်မီ ...