Skip to main content

အသက်ဝိညာဉ် ( SOUL ) နှင့် ကောင်းကင်ဘုံ ။ ယဇ်ပူဇော်ပုံ (ခရစ်ယာန် )

အသက်ဝိညာဉ် ( SOUL ) နှင့် ကောင်းကင်ဘုံ ။ ယဇ်ပူဇော်ပုံ (ခရစ်ယာန် )
-------------------------------------------------------------------------------------------
သမ္မာကျမ်းစာ၌ မည်သည့်ကျမ်းပြုဆရာ တစ်စုံတစ်ယောက်မျှ ဝိညာဉ်နှင့် ပတ်သတ်၍ အသေအချာ စိစစ်စိတ်ဖြာပြီး အဘိဓမ္မာကျမ်း မဖွင့်ဖူးကြချေ ။
ကျမ်းစကားအရပ်ရပ်ကို ထောက်ခြင်းဖြင့် သတင်းတော်၏ ယုံကြည်ချက် ဖြစ်ပေါ်လာခြင်းမှာ . . .
လူသည် မသေနိုင်သော နာမ်ဝ်ညာဉ်ဖြစ်၍ အသက်လျာမှုအတွက် ရုပ်ခန္ဓာတွင် ခိုအောင်းရသည် ။ နာမ်ဝိညာဉ် ဖြစ်တော်မူ၍ ဝိညာဉ်တကာတို့၏ အဖဖြစ်သော်မူသော ဘုရားသခင်၏ စိတ်စော တိုက်သွန်းရာကို လူ့ဝိညာဉ်သည် ခုခံတုန့်ပြန်နိုင်သည့် အရည်အချင်းရှိသည် ။ လူသည် အဆုံးစွန်သော ဘဝ၌ ဘုရားသခင်နှင့် ထာဝရ ကာလပတ်လုံး ပေါင်းသင်းဆက်ဆံနေရမည် ။
ဓမ္မကျမ်း၌ အင်္သခါရ အကြောင်းအရာနှင့်ပတ်သတ်၍ ဝါဒထင်ရှားလာသည် ။ အမွန်အမြတ်ထားသော အင်္သခါရဘုံမှာ ဘုရားသခင်၏ မကုန်ဆုံးနိုင်သော ထာဝရ နိုင်ငံတော်ဖြစ်သည် ။
ခရစ်တော်က ခန္ဓာ၏ သေဆုံးခြင်းကို ဒုက္ခဟူ၍ မည်သည့်အခါမှ မယူမရှိ ။ သေသူကို ရှင်ပြန်စေသော အခါ၌လည်း ရှင်သူတို့၏ နှစ်သိမ့်ရာ ဖြစ်ရန် သို့မဟုတ် ဘုရားသခင်၏ ဘုန်းတော် ထင်ရှားရန်တာ ပြုတော်မူသည် ။
" ယုံကြည်သောသူသည် မည်သည့်အခါမှ မသေရ " ဟု မိန့်တော်မူသည် ။
ကိုယ်တော်က ငါသည် ရှင်ပြန်ထမြောက်ခြင်းဖြစ်၏ ။ အသက်လည်း ဖြစ်၏ဟု မိန့်တော်မူသည် ။
အသက်ဟူ၍ ကိုယ်တော်မိန့်တော်မူသောစကားမှာ မျက်စိတစိမှိတ် လျက်တစ်ပြတ်မျှ နေရသော ဤလောက၏ ခန္ဓာအသက်ကိုသာ ဆိုလိုတော်မူသည်မဟုတ် ။ ဟောကြားတော်မူသမျှသော သြဝါဒထက် လေးနက်သောအချက်မှာ . . .
ကိုယ်တော်တိုင် ရှင်ပြန်ထမြောက်တော်မူရုံတာမက လူ၏ ရှင်ပြန်ထမြောက်ခြင်းကိုပင် ကိုယ်တော်၏ ရှင်ပြန်ထမြောက်ခြင်းနှင့် တွဲဖတ်တော်မူရန် ကားစင်၌ အသေခံရသော နောင်တရသောသူတို့အား ကိုယ်တော်က မိမိနှင့်အတူ ရှင်ပြန်ရမည့်အကြောင်း ကတိထားတော်မူသည် ။
ယုဒလူမျိုးတို့၏ ဝါဒအရ ကောင်းကင်ဘုံ သုံးမျိုး ရှိလေသည် ။
အနိမ့်ဆုံးဖြစ်သော မိုးကောင်းကင်မှာ ငှက်တို့ ပျံသန်းသွားလာရာ လဟာပြင်ကို ဆိုလိုသည် ။
ဒုတိယ ကောင်းကင်ဘုံမှာ နေလကြယ်တို့တည်ရာ မိုးဗိမာန်ကို ဆိုလိုသည် ။
တတိယ ကောင်းကင်ဘုံမှာ ဘုရားသခင်နှင့် တမန်တို့ ကိန်းဝပ်ရာဘုံကို ဆိုလိုသည် ။
ပဋိညာဉ် သေတ္တာတော်တွင် အထူးသန့်ရှင်းရာ ဌာနက အထိမ်းအမှတ် ပြုကြသည် ။ ထိုဘုံမှ ခရစ်တော် ဆင်းသက်တော်မူ၍ ရှင်ပြန်ထမြောက်ပြီးသည့်နောက် ထိုဘုံသို့ တက်ကြွတော်မူသည် ။
ထိုဘုံမှတဖန် ဆင်းသက်တော်မူအုန်းမည်ဖြစ်သည် ။ ရှင်ပေါလုသည် ထိုဘုံသို့ ယူဆောင်ခြင်း ခံရသည်ဆို၏ ။
ယုဒ လူမျိုးအချို့ ကောင်းကင်ဘုံ၌ ဘုံ ၇ ဆင့်ရှိသည် ။ ဘုရားသခင်သည် သတ္တမဘုံ၌ တည်တော်မူကြောင်း အယူရှိကြသည် ။
ဓမ္မသစ်အရ ကယ်တင်ခြင်းခံရသော သူတို့အဖို့ သခင်ယေရှုပြင်ဆင်ထားရာ ဖြစ်သောနေရာ သို့မဟုတ် ဘဝအခြေနေဖြစ်သည် ။ ၄င်းကို နိုင်ငံတော်ဟုလည်း ခေါ်၏ ။
ဤသုခဘုံ၌ ကယ်တင်ခြင်း ခံရသူတို့သည် နာခြင်း အိုခြင်း သေခြင်းကင်းလျက် ဘုရားသခင်ရှေ့တော်၌ ခံစားရလိမ့်မည်ဆို၏ ။
ခရစ်ယာန်ဘာသာ၌ ယဇ်ပူဇော်ခြင်းနှင့် ပူဇော်သက္ကာဆက်ခြင်းတို့သည် ကာဣနနှင့် အာဗေလ တို့လက်ထက်လောက်ကပင် ပေါ်ရှိခဲ့လေသည် ။ ကာဣနသည် ပူဇော်ရန် မြေအသီးအနှံကို ဆောင်ခဲ့သည် ။ အာဗေလသည်လည်း ကိုယ့်သိုးအုပ်စုမှ သားဦးနှင့် သိုးဆီဥကို ဆောင်ခဲ့ရာ ယဇ်ပူဇော်ခြင်းသည် ဣသရေလ လူမျိုးတို့၏ခေတ် မောရှေ လက်ထက်မတိုင်ခင် ခေတ်ကာလတွင် ရှိနှင့်လေသည် ။
ပူဇော်သက္ကာအဖို့ ဟင်သီးဟင်းရွက်ကို လည်းကောင်း အသုံးပြု၍ ဟင်းသီးဟ်ုရွက် ပူဇော်သက္ကာကို မေတ္တာရှိ၍ ပေးသောပစ္စည်း အသွေးကင်းသော ကူဇော်သက္ကာဟူ၍လည်းကောင်း . . .
တိရိစ္ဆာန်ကို သတ်၍ ပူဇော်ခြင်းကို သတ်ဖြတ်ထားသော ပူဇော်သက္ကာ သွေးစွန်းသော ပူဇော်ခြင်းဟူ၍ ခေါ်သည် ။
ဟင်းသီးဟင်းရွက် ပူဇော်ခြင်းနှင့် အသားယဇ် ပူဇော်ခြင်း နှစ်မျိုးလုံးမှာပင် သန့်ရှင်း စင်ကြယ်ခြင်း အထိမ်းအမှတ်ဖြစ်သော ဆားကို အသုံးပြုရသည် ဆို၏ ။
ယဇ်ပူဇော်ခြင်း၌ အသုံးပြုရသော တိရိစ္ဆာန်တို့မှာ အပြစ်အနာကင်း၍ ရှစ်နှစ်ထက်မကြီး သုံးနှစ်ထက်မငယ်သော နွား ဆိတ် သိုး တို့ဖြစ်ရသည် ။
ဤပညတ်၏ ခြွင်းချက်တစ်ခုမှာ သူကြီး တရားတွင် ပါရှိသော ၉ နှစ်ရွယ်ရှိ နွားထီးဖြစ်သည် ။ ချိုးငှက်များကိုလည်း ယဇ်ပူဇော်ရာ၌ တစ်ခါတစ်ရံသုံးသည် ။ ငါးများကိုူ ယဇ်ပူဇော်ရာ၌ မည်သည့်အခါမှမသုံး ။ လူကို ယဇ်ကောင်အဖြင့် ပူဇော်အသုံးပြုခြင်းကိုကား အတိအလင်း တားမြစ်ထားလေသည် ။
ယဇ်ပူဇော်ရာတွင် ပညတ်တော်အတိုင်း ကိုယ်ကို သန့်ရှင်းစေပြီးမှ ယဇ်ပူဇော်ရမည့်သူသည် ယဇ်ကောင်ကို ပလ္လင်သို့ ဆောင်ခဲ့ပြီးလျှင် သန့်ရှင်းရာ ဌာနဘက်သို့ လှည့်၍ မိမိလက်ကို ယဇ်ကောင်၏ ခေါင်းပေါ်မှာ တင်ရသည် ။ဤသို့ဖြင့် မိမိသည် ယဇ်ကောင်နှင့်ထပ်တူ အထိမ်းအမှတ်ဖြစ်စေလျက် ထိုယဇ်ကောင်ကို မိမိအပြစ် ပြေရာ ပြေကြောင်း သီးခြားလှူဒါန်းပြီးလျှင် သတ်လေ၏ ။
ယဇ်ကောင်ကို ထိုသူမသတ်ဘဲ ယဇ်ပရောဟိတ်က သတ်နိုင်သည် ။ ယဇ်ကောင်ကို သတ်နေစဉ် ယဇ်ပရောဟိတ်သည် သွေးကိုခံယူ၍ အခြားပူဇော်သက္ကာများအနီးတွင် ပက်ဖျန်းခြင်း သွေးလောင်းခြင်း ပြုလုပ်လေသည် ။ ဝတ်ပြုကိုးကွယ်သူတို့ ယဇ်ကောင်၏ အချို့အစိတ်အပိုင်းကို စားသောက်ကာ ယဇ်ပွဲအားဖြင့် ဘုရားသခင်နှင့်လည်းကောင်း အချင်းချင်း တစ်ယောက်ကို တစ်ယောက်လည်း မိတ်သဟာဖွဲ့ခြင်းကို လေးနက်စွာ ပြသည်ဆို၏ ။
ရှင်ပေါလုသည် ဆိုခဲ့ပြီးသော ယဇ်ပူဇော်ခြင်းများတို့နှင့် အခြားသော အခမ်းအနားများသည် အားမရှိ ချမ်းသာမပေးနိုင်သော တရားနု ဟူ၍ ရေးသားဖေါ်ပြထားလေသည် ။
ယဇ်ပူဇော်ခြင်း သက္ကာကပ်ခြင်းနှင့် ယဇ်ကောင်ပူဇော်ခြင်းတို့သည် သန့်ရှင်းခြင်း အပြစ်ကင်းခြင်းနှင့် ကျေးဇူး ကရုဏာတို့၏ပုံကို ဆောင်တော်လည်း ထိုကျေးဇူးကို ဝေငှကမ်းလှမ်းခြင်းကား မပြုနိုင်ဟု ဆို၏ ။
အပြစ်ရှိသူကို ယဇ်ကူဇော်ခြင်းသည် သန့်ရှင်းစင်ကြယ်ရန်ကို လည်းကောင်း ဘုရားသခင်အား စိတ်ကျေတော်မူစေရန် အမျက်ဖြေ တောင်းပန်ဝန်ချရမည်ကို စိတ်ထိလက်ရောက် ထင်ရှားစေရုံမျှသာ ဖြစ်သည် ။ သို့ရာတွင် ကိုယ်နှင့် စိတ်ဝိညာဉ်ကိုကား ဖြောင့်မတ်ဖြူစင် သန့်ရှင်းခြင်း မပြုနိုင် ။
ဤအကြောင်းကိုကား ဘုရားသခင်ကို ကြည်ညိုလေးမြတ်သော ယုဒ လူမျိုးတို့သည် မသိမမြင်သည်မဟုတ် ။ ထို့ကြောင့် ဆာလံရေးသားစီကုံးသော " ဆရာ၏ နက်နဲသော အာရုံ၌ ဘုရားသခင် နှစ်သက်တော်မူသော ယဇ်မူကား ကျိုးပဲ့သော စိတ်ပေတည်း ။ ထိုဘုရားသခင်ကိုယ်တော်သည် ကျိုးပဲ့ ကြေမွသော စိတ်သဘောနှလုံးကို ငြင်းပယ်တော် မမူတက်ပါ " ဟု ဖေါ်ပြလေသည် ။
ဘုရားသခင်သည် ကျိုးပဲ့ကျေမွသော စိတ်သဘောနှလုံး မရှိပဲနှင့် မည်သည့်ယဇ် ပူဇော်ခြင်းကိုမျှ စိတ်တော်နှင့်မတွေ့ နှစ်သက်တော် မမူကြောင်း ။
ခပ်သိမ်းသော ယဇ်ပူဇော် သက္ကာမျိုးတို့သည် သခင်ယေရှုခရစ် အသေခံတော်မူခြင်း စနစ်ပုံစံ၏ အရိမ်မျှသာဖြစ်သည် ။ သခင်ယေရှု အသေခံတော်မူသောအခါ မိမိကိုယ်ကို ယဇ်ကောင်အဖြစ်ဖြင့် အပ်ပေးပူဇော်တော်မူသောအခါ ရှိလေသမျှသော ယဇ်ပူဇော်ခြင်းတို့ကို သုတ်သင်ဖယ်ရှားစေတော်မူသည် ။
ကျေးဇူးပြုခြင်း ဥစ္စာဝေမျှခြင်းအမှုတို့ကို မမေ့မလျော့ကြနှင့် ။ ထိုသို့သောယဇ်ကို ဘုရားသခင်အားရနှစ်သက်တော်မူသည် ။ ညီအကိုတို့ မိမိ၏ကိုာ်ခန္ဓာကို ဘုရားသခင်အား ရှင်သော ပူဇော်သက္ကာအဖြစ်ဖြင့် ဆက်ကပ်ကြလော့။
ဘုရားသခင်ကို ကိုးကွယ်ဝတ်ပြုသောသူသည် မိမိအဆုံးအရှုံးမခံရသော ယဇ်ကို မပူဇော်ရ ။ မိမိကိုယ်ကာယ ဝိညာဉ် အစိတ်အပိုင်းကို ဘုရားသခင်ထံတော်သို့ ရွှေ့ပြောင်း အပ်နှံ့ရမည်။
မိမိအချိန် အသက်စည်းစိမ် ချမ်းသာ နှစ်သိမ့်ခြင်း ပစ္စည်းဥစ္စာနှင့် ဉာဏ်ပညာ အလုံးစုံတို့ကို ဘုရားသခင်အား ပူဇော်ရန် ယဇ်ကောင်သဖွယ် ဆက်သအပ်နှံရာသည်ဟု လေ့လာတွေ့ရှိချက်များအား တက်နိုင်သလောက်စုစည်း၍ ရေးသားတင်ပြလိုက်ပါသည်။

#htoohtoolay

Comments

Popular posts from this blog

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

သင်္ကြန်

သင်္ကြန် ----- နှစ်သစ်ကူးပွဲတော်ကို မြန်မာတို့က သင်္ကြန်ပွဲတော်ဟု သိကြသည် ။ သင်္ကြန်ဟူသော စကားမှာ သက္ကဋဘာသာမှ လာခြင်းဖြစ်ပြီး ၊ ၁၂ ရာသီခွင် တစ်ခုခုသို့ နေမင်းဝင်ရောက်ခြင်းဟု အဓိပ္ပာယ်ရှိသည် ။ နှစ်သစ်ကူးပွဲတော်ကို ၊ မြန်မာ့နက္ခတ္တဗေဒတွင် မဟာသင်္ကြန်ဟု ခေါ်ကြသည် ။ နေသည် မိန်ရာသီ ( ငါးရုပ် ) မှ မိဿရာသီ ( ဆိတ်သိုးရုပ် ) သို့ ကူးပြောင်းမှုကို အထိမ်းအမှတ် ပြုခြင်း ၊ နေနှစ်တစ်နှစ်၏ အဆုံးမှ နောက်နှစ်တစ်နှစ်၏အစသို့ ကူးပြောင်း သော အရေးကြီးသည့် အကူးအပြောင်း ဖြစ်ခြင်းတို့ကြောင့် မဟာသင်္ကြန်ဟု ခေါ်ခြင်းပင် ဖြစ်သည် ။ မြန်မာ့ပြက္ခဒိန်သည် လပြက္ခဒိန် ဖြစ်သောကြောင့် ပွဲတော်ရက်ကို အရှင်ထားရသည် ။ ပုံသေ သတ်မှတ်ထား၍ မရ ။ တစ်နှစ်နှင့်တစ်နှစ် နှစ်သစ်ကူးသော ရက်လ မတူကြပေ ။ သို့သော် အနောက်တိုင်း ပြက္ခဒိန်မှာ နေပြက္ခဒိန်ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဧပြီ ၁၃ မှ ၁၅ ရက် သို့မဟုတ် ၁၃ မှ ၆ ရက် သို့မဟုတ် ၁၄ မှ ၁၆ ရက်အတွင်း ပွဲတော် ကျရောက်လေ့ ရှိသည် ။ မြန်မာတို့က နှစ်တစ်နှစ်ကို တွက်ချက်သောအခါ နေ၏အသွား အလာကိုပါ ထည့်သွင်းစဉ်းစားသည်ဟု ဆိုနိုင်သည် ။ ထို့ကြောင့် မြန်မာနှစ် ၏ ပထမလဖြစ်သော တန်ခူးလကို နှစ်သစ်မတိုင်မီ ...