ခေတ်ဟောင်းကို တော်လှန်သော မြန်မာမင်းသားကြီး ကနောင်မင်းသား ( မြန်မာ - ၁၁၈၁ - ၁၂၈၁ )
-----
လူသုံးကုန် ပစ္စည်းထုတ်လုပ်မှုကို အကြောင်းပြု၍ လူ့သမိုင်းကို ခေတ်တစ်ခေတ်မှ အခြားတစ်ခေတ်သို့ ပြောင်းလဲလာခဲ့ရသည်ဖြစ်ရာ မြန်မာနိုင်ငံတွင်လဲ ၁၉ ရာစုနှစ်များအလည်လောက်က ခေတ်ပြောင်းလဲခြင်းကို ဖန်တီးပေးသည့်အဖြစ်အပျက်များ ပေါ်ပေါက်ခဲ့လေသည် ။
အောက်မြန်မာပြည်တွင် ဗြိတိသျှတို့ ရောက်ရှိကြီးစိုးလာခြင်း / ကိုယ့်မင်း ကိုယ့်ချင်းနေသော မြန်မာအထက်ပိုင်းသည် ထိုအစဉ်အခါက တိုးတက်လျှက်ရှိသော ဥရောပနိုင်ငံအချို့နှင့်ဆက်သွယ်မှုများ ရှိလာသောကြောင့် လူသုံးကုန်ပစ္စည်းထုတ်လုပ်မှု စနစ်တို့၏ အခြေခံဖြစ်သော အသစ်အဆန်း ထွင်မှု ပြောင်းလဲမှုတို့သည် အထက်မြန်မာပြည်သို့ ရောက်ရှိလာကာ ခောတ်ကို ပြောင်းလဲစေနိုင်မည့် အခွင့်အလမ်းများ ပေါ်ပေါက်ခဲ့လေသည် ။ ထိုအခွင့်အလမ်းများကို အမြင်ကျယ်စွာနှင့် အသုံးပြုကြသော ထိုခေတ်ခေါင်းဆောင်တို့တွင် အရေးပိုမိုပါဝင်ခဲ့သည်ကို ရှာလျှင် ကနောင်မင်းသားကြီးကိုပင် တွေ့ရပေမည် ။
ကုန်းဘောင်ခေတ် အမရပူရ ဒုတိယမြို့တည် သာယာဝတီမင်း ( ၁၈၃၇ - ၁၈၄၆ ) နှင့် သီရိသုစန္ဒာမလ္လာမဟေ တောင်ဆောင် ကျောက်မော်မြို့စား မိဖုရားတို့တွင် သားတော်နှစ်ပါးတို့ ထွန်းကားခဲ့ရာ သားကြီးမှာ ပဉ္စမသင်္ဂါယနာတင် မင်းတုန်းမင်းဖြစ်၍ အငယ်မှာ သတိုးမင်းရဲကျော်ထင် ဘွဲ့ခံ ကနောင်မင်းသားဖြစ်လေသည် ။ ( မင်းတုန်းမင်း - ရှု ) ကနောင်မင်းသားသည် သက္ကရာဇ် ၁၁၈၁ ခု တော်တလင်း လပြည့်ကျော် ၂ ရက် တနင်္ဂနွေနေ့တွင် ဖွားမြင်၏ ။ ဖွားစဉ်ကမူ မီးနေဆောင်သို့မရောက်မီ တောင်ဆောင်၌ ဖွားမြင်သဖြင့် ခမည်းတော်က မောင်တောင်မင်းဟု ကိုယ်တိုင် မှည့်ခေါ်ခဲ့၏ ။ မင်းသားလတ်ဆင့်တွင် မင်းတပ်မြို့ကို စားခဲ့ပြီးနောက် နောင်တော်ပုဂံမင်း ( ၁၈၄၆ - ၁၈၅၃ ) ထီးနန်း ဆက်ခံတော်မူသောအခါ ကနောင်မြို့ကို စားရသည် ။
၁၈၅၂ ခု ဒီဇင်ဘာလအတွင်းတွင် ပုဂံမင်း၏ အထိန်းတော် ဟင်္သာတမြို့စား မိရွဲ၏ ညီမ မိဖဲ၏အိမ်ကို ဓါးပြတိုက်ရာတွင် ကနောင်မင်းနှင့် မင်းတုန်းမင်းတို့၏ လူများပါသည်ဟု စွပ်စွဲကာ ကနောင်မင်းသားကြီး၏ အကြီးစာရေး စသည်တို့ကို တောင်းဆိုစစ်မေး၏ ။ ထိုပြင် ညီတော် နောင်တော် နှစ်ပါး ခိုးသားဓါးပြမွေးသည်ဟု ပုဂံမင်း၏ လူများဖြစ်သော တောင်ထားဝယ်ဗိုလ် ငတုတ် / ပုဏ္ဍားဝန် ငကုလားတို့က အမှုရှာသဖြင့် ညီနောင်နှစ်ပါးတို့သည် လူသူစုရုံး၍ ၁၈၅၂ ခု ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် တော်လှန်ပုန်ကန်ကြသည် ။ ရှေးဦးစွာ ရွှေဘိုကို အခြေစိုက်သိမ်းယူပြီးနောက် နောက်ထပ်လူအင်အား စုဆောင်းကာ အမရပူရမြို့ကို လုပ်ကြံရာတွင် ကနောင်မင်းသားပင် ဦးစီးဦးဆောင်ပြုရ၏ ။
ဤသို့ တော်လှန်ပုန်ကန်မှု အကြောင်းဖြစ်ရခြင်းမှာ ပုဂံမင်း၏ စီမံအုပ်ချုပ်မှု ညံ့ဖျင်းသောကြောင့်ဖြစ်သည် ။ သို့ဖြစ်၍ အမရပူရမြို့ကို ကနောင်မင်းသားတို့ လုပ်ကြံနေစဉ် ပုဂံမင်းအား ခစားကြသော မကွေးမင်းကြီး အမှူးရှိသည့် မှူးမတ်များက လုပ်ကြံတိုက်ခိုက် သူတို့ဖက်မှ ကူညီကြသဖြင့် ကနောင်မင်းတို့ ၁၈၅၃ ခု ဖေဖေါ်ဝါရီလ ၁၈ ရက်နေ့တွင် အောင်ပွဲရခဲ့သည် ။ ထို့နောက် ပဉ္စမ သင်္ဂါယနာတင် မင်းတုန်းမင်း အထွတ်အထိပ်သို့ ရောက်သောအခါ ကနောင်မင်းသားအား သီရိပဝရမဟာသုဓမ္မရာဇာဘွဲ့ဖြင့် အိမ်ရှေ့မင်းသားအရာ အပ်နှင်းလေသည် ။ ထိုမှတပါး ဒီပဲရင်း တောင်တွင်းကြီး ပဉ္စာငါးမြို့ စလေမြို့ များကိုလဲ ခစားစေသည် ။ သာယာဝတီမင်း၏ အနောက်နန်းမပေါ်တွင် မြင်သည့် သမီးတော်လှိုင်မြို့စား သီရိသုမြတ်စွာရတနာဒေဝီနှင့်လည်း ထိမ်းမြားလက်စပ်ပေးသည် ။ ( လှိုင်ထိပ်ခေါင်တင် - လည်းရှု )
အိမ်ရှေ့စံမင်း ဖြစ်လင့်ကစား ကနောင်အင်းသားကြီးမှာ သြဇာတိက္ကမ ပြည့်စုံ၍ တန်ခိုးအာဏာ ထက်မြတ်လှသည် ။ ပြည်ရေးပြည်ရာ စီမံခန့်ခွဲရာတွင်လဲ ဦးစီးဦးဆောင်ပြုရ၏ ။ နောင်တော် မင်းတုန်းမင်းတွင် သားတော်သမီးတော် အရွယ်ရောက်ရှိသူများရှိရကား ကနောင်မင်းသား ရှိနေသောကြောင့် ထီးနန်းဆက်ခံခွင့် ရတော့မည်မဟုတ်ဟု စိုးရိမ်ကြောင်းကြသော သားတော်များသည် မကျေမနပ် ဖြစ်ကြလေသည် ။
သို့ဖြစ်၍ သက္ကရာဇ် ၁၂၁၈ ခု ဒုတိယဝါဆို လပြည့်ကျော် ၇ ရက်နေ့တွင် ( ၁၈၈၆ ခုနှစ် ဇွန်လ ၁၈ ရက်နေ့တွင် ) နန်းတော်၏ အပြင်ပ ယာယီတဲနန်း၌ မင်းတုန်းမင်းနှင့်တကွ အိမ်ရှေ့မင်း လွှတ်တော်ဝန်ကြီးများ ယာယီစံနေခိုက် မင်းတုန်းမင်း၏ သားတော်များဖြစ်သော မြင်ကွန်းနှင့် မြင်းခုံတိုင်မင်းသားတို့ အလစ်ဝင်ရောက်၍ တိုက်ခိုက်ကြသောကြောင့် ကနောင်မင်းသား တိမ်းပါးခဲ့လေသည် ။
ဤသို့အားဖြင့် ခေတ်ကိုအမှီလိုက်ရန် ကြိုးစားတာစူလျက်ရှိသော ထိုခေတ်မြန်မာတို့မှာ ( လှေလှော် ကောင်းဆဲ တက်ကျိုး ) ဖြစ်ကာ ဆုံးရှုံးနစ်နာခဲ့လေသည် ။ အကြောင်းမှာ ကနောင်မင်းသားသည် ပညာလွန်စွာ ထက်မြတ်လိမ္မာ၍ နိုင်ငံခြားသားများနှင့် ဆက်ဆံရာတွင် ကျွမ်းကျင်ပါးနစ်လှသော ခေါင်းဆောင်တစ်ဦးဖြစ်သည် ။ ခေတ်မှီနိုင်ငံ ထူထောင်နိုင်ခြင်းငှာ အခြားနိုင်ငံကြီးများတွက် တိုးတက်ထွန်းကားလျက်ရှိသော ခေတ်ပညာအရပ်ရပ်ကို လေ့လာဆည်းပူးရန် ပညာတော်သင်ပေါင်း ၉၀ ကျော်ကို နိုင်ငံကြီးများသို့ လစာငွေ အလုံအလောက်ပေး၍ စေလွှတ်ခဲ့သူဖြစ်သည် ။ ထိုပညာတော်သင်တို့တွင် ဒီပဲရင်းဝန်ထောက် ဦးမြဲနှင့် ညီဦးခဲ / ဖန်ချက်ဝန် ဦးဖန် / ကျောက်မြောင်းအတွင်းဝန် ဦးရွှေအိုး / မြင်းဝန် ဦးအောင်သူတို့ပါဝင်ခဲ့၏ ။
ခေတ်မှီလက်နက်ရှိမှ နိုင်ငံအင်အားရှိမည်ကို ယုံကြည်သည့်အတိုင်း စစ်ကိုင်းဘက်၌ လက်နက်စက်ရုံကြီးနှစ်ရုံ တည်ဆောက်ခဲ့သည် ။ ရွှေမြို့တော် အနောက်မြောက် ရွှေတချောင်းအနီးတွင် စက်ရုံတစ်ခု တည်ဆောက်ခဲ့၏ ။ လူသုံးကုန်ပစ္စည်းထုတ်လုပ်မှု ပြောင်းလဲရေးကို မြန်မာနိုင်ငံတွက် ဖြစ်မြောက်စေရန် ရက်ကန်းစက် ကော်ဇောစက် စပါးစက် လွှစက် ပန်းကန်စက် သကြားစက် စသည်များကိုလဲ နိုင်ငံခြားမှ ဝယ်ယူတည်ထောင်ခဲ့သည် ။ ထိုစက်များကို ကြီးကြပ်အုပ်ချုပ်ရန် မိမိကိုယ်တိုင် အလုပ်ဝန် ပညာဝန် အလုပ်ဌာနဝန်ကြီး အတွင်းဝန်တို့ကို စီမံခန့်ခွဲသည် ။ ဤသို့ ပညာတော်သင်များလွှတ်ခြင်း စက်ရုံအသစ်အဆန်းများကို ဝယ်ယူတည်ဆောက်ခြင်းတို့အတွက် ကုန်ကျသောငွေကို အိမ်ရှေ့မင်းအဖြစ်ရသော ဝေပုံကျ မြို့ရွာ နယ်ပယ်များမှ ခန့်ခွဲရရှိသောအခွန်တော်များမှ သုံးစွဲခဲ့ခြင်းဖြစ်သည် ။
ကာကွယ်ရေးဘက်တွင်လဲ စစ်ဖက်ဆိုင်ရာ ပြုပြင်မှု အမြောက်အများကို ဆောင်ရွက်ခဲ့သည် ။ ထာဝစဉ် စစ်မှုထမ်းများရှိသည့် အခြေသို့ ရောက်ရှိစေခြင်းငှာ လိုမှဖွဲ့စည်းသော မြန်မာစစ်တပ်ကို ပြုပြင်ပေးခဲ့သည် ။ စစ်ပညာ လေ့ကျင့်သင်ကြားပေးရာတွင်လဲ နိုင်ငံခြားသား ပြင်သစ် အီတာလျံ လူမျိုးတို့၏ အကူုအညီဖြင့် ကိုယ်တိုင်ကြပ်မတ် လုပ်ကိုင်ခဲ့သည် ။ နိုင်ငံအတွင်း၌ ဆက်သွယ်ရေး ကိုမိုကောင်းမွန်လျင်မြန်စေရန် မြန်မာအက္ခရာဖြင့် ကြေးနန်းရိုက်နည်းကို ယောအတွင်းဝန်နှင့်တိုင်ပင်လျက် တီထွင်အသုံးပြုခဲ့လေသည် ။
ထိုသို့ထက်မြတ်လှသော ခေါင်းဆောင်ကောင်းတစ်ဦး ဆုံးရှုံးခဲ့ရသည်မှာ ထိုခေတ် ထိုအခါက ကလေး လူကြီးအကြား ရေပန်းစားနေသော တပေါင်တစ်ခုဖြစ်သည့် ( ဆင်ပြောင်ကြီးကို ဖြုတ်ကိုက်လို့ သေ )ဆိုတာနဲ့ အလွန်မှ အံဝင် ခွင်ကျနေလေတော့တသည်း ။
ဗဟုသုတ ရရှိနိုင်ပါစေ
အစဉ်လေးစားလျက် -
#htoohtoolay
myothetzaw23.blogspot.com
Posted via Blogaway
လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...
Comments
Post a Comment