အဲ့ဒါဘာလဲ ?
ရေလိုလဲ မယိုစီး ။ မီးလိုလဲ မတောက်လောင် ။ မာခဲတာလဲ မဟုတ် ။ ယိမ်းယိုင်တာလဲ မရှိတဲ့ အရာ ။ အဲ့အရာက ကမ္ဘာကို ခြောက်လှန့်နေလေရဲ့ ။ အဲ့ဒါကို တွေ့အောင်ရှာမှ ငြိမ်းချမ်းပါလိမ့်မယ် ။
အဲ့ဒါဘာလဲ ?
လူလဲ မမြင် ။ ခွေးလဲ မဟောင် ။ ဘာရုပ်မှလဲ မရှိတဲ့ အရာ ။ အဲ့ဒီ့ ဘာမှ မရှိတဲ့ အရာက - ကလေးတွေ ။ သူပျိုတွေ ။ သူအိုတွေ ။ သူနာတွေကိုလဲ ရက်ရက်စက်စက် သတ်နေကြလေရဲ့ ။ သူ့အစွမ်း အင်မတန် ယုတ်ညံ့လွန်းပါတယ် ။
အဲ့ဒါဘာလဲ ?
သူခိုးလဲ မခိုးနိုင် ။ ဓါးမြလဲ မတိုက်နိုင် ။ ဆုပ်ကိုင်ပြစရာလဲ မရှိ ။ ဖမ်းဆီးနိုင်ဖို့လဲ မရနိုင်တဲ့ အရာ ။ အဲ့အရာက ကမ္ဘာကို ခြိမ်းခြောက်ဖျက်ဆီးနေလေပြီ ။ သူ့အစွမ်း မသတီစရာ ကောင်းလှပါတယ် ။ အဲ့အရာကို တွေ့အောင်ရှာ ။ တွေ့မှ ငြိမ်းချမ်းမယ် ။
အဲ့ဒါဘာလဲ ?
လူရိုင်းကိုလဲ ချုပ်ကိုင်နိုင် ။ လူစိတ်ပျောက်သူကိုလဲ ခြောက်လှန့် ။ တစ်ဦးအပေါ်တစ်ဦး မေတ္တာထားလာနိုင်အောင် စွမ်းဆောင်နိုင်တဲ့အရာ ။ အဲ့အရာကို မထိမဲ့မြင်ပြုခဲ့လို့ ပျက်ဆီးကျလေပြီ ။ ပြိုဆင်းကျလေပြီ ။ မှားယွန်းစွာ အဓိပ္ပါယ်ဖွင့်ကြလို့ ဘာသာရေး လူသတ်ပွဲကြီး ဖြစ်ခဲ့ကြလေပြီ ။ အဲ့ဒီ့အရာကို တွေ့အောင်ရှာ ။ တွေ့မှ ငြိမ်းသွားလိမ့်မယ် ။
အဲ့ဒါဘာလဲ ?
နူကလီးယားထက် ပြင်းတဲ့ အစွမ်း ။ ပြာကျအောင် လောင်ကျွမ်းအား ကျယ်ပြန့်တဲ့ အစွမ်း ။ ကလေးကအစ ခွေးပါမကျန် အားလုံးပျက်ဆီးအောင် ဖြစ်စေနိုင်တဲ့အစွမ်း ။ အဲ့ဒီ့အစွမ်းကို ဆုပ်ကိုင်လို့မရပေမယ့် သူ့အစွမ်း ဆုပ်ကိုင်ချက်က စကြာဝဠာသို့အထိတိုင် တုန်လှုပ်သွားစေတယ်။ အဲ့ဒါကို တွေ့အောင်ရှာကြ ။ တွေ့မှ ငြိမ်းချမ်းသွားလိမ့်မယ် ။
အဲ့ဒါဘာလဲ ?
အဲ့ဒါဘာလဲ ?
ခွေးမဟောင်တဲ့ ခန္ဓာကို ဝိပဿနာရှု ။ အဲ့ဒါမှ အဲ့ဒီ့ အရာကို တွေ့ပါလိမ့်မယ် မိတ်ဆွေ ။
#htoohtoolay

Comments
Post a Comment