ဘဂဝါ ( ဘဂဝမ် ) ဆိုတာ ဟိန္ဒူကနေမှ ပိဋကတ်ထဲလာတာလား !
-----
ဘဂဝါနဲ့ပတ်သတ်ပြီး နည်းနည်းပြောရရင်တော့ ဟိန္ဒူအယူအဆနဲ့ အတော်လေး ရောထွေးနေကြတယ်လို့ ဒီလိုဆိုကောင်း ဆိုကြမှာပါ ။ ဘာကြောင့်လဲဆိုတော့ ဗုဒ္ဓ ပိရိနိဗ္ဗာန်ပြုပြီး နှစ်ပေါင်း နှစ်ရာကျော်လောက်မှာ ဗုဒ္ဓကိုးကွယ်မှုကိုအထူးကူညီပံ့ပိုးခဲ့တဲ့ အိန္ဒိယ ဘာသာဝါဒမှာ ဘက္ကတိဝါဒဆိုတဲ့ ဂိုဏ်းတစ်ခုရှိခဲ့ပါတယ် ။ ဘီစီသုံးရာစုခေတ်မှာလဲရောက်ရော ဘဂဝါဂီတကျမ်းဆိုပြီး ထွက်ပေါ်ထင်ရှားလာခဲ့တယ် ။ ဘက္ကတိဝါဒက ဘုရားသခင်ကို ကြည်ညိုမြတ်နိုးပူဇော်မှုပါပဲ ။ အဲ့ဒီ့ဝါဒကို ဘဂဝါဝါဒလို့လဲ ဒီလိုခေါ်ကြပါတယ် ။ တစ်ချို့ကတော့ ပြောကြတယ် ။ ပါဠိပိဋကတ်တွေမှာ ဘဂဝါဆိုတဲ့ အသုံးတွေတွေ့ကြတော့ ဘက္ကတိဝါဒ ဝင်ရောက်နေတယ်လို့ ဒီလို ပြောကြတယ် ။ အဲ့ဒီ့ကိစ္ဇကို မစခင် ထပ်ပြောပြပါအုန်းမယ် ။ ဘယ်လောက်ထိတောင် ဝေဖန်ထားသလဲဆိုရင် အိန္ဒိယပညာရှင်တစ်ဦးဆိုရင် ပုဒ်နှစ်ခုကို ယှဉ်ပြီး ဖေါ်ပြထားတာလေးလဲ ရှိခဲ့တယ် ။ သူ့ဖေါ်ပြပုံအရက " ဘဂဝါသည် ဗုဒ္ဓကို ကြည်ညိုသောသူတို့ သုံးစွဲသော ပုဒ်ဖြစ်၍ ထူပါရုံစေတီကျောက်စာများ၌ အများအားဖြစ် တွေ့ရ၏ ။ ဗုဒ္ဓမှာ ဂေါတမ၏ဝါဒကို သိရှိရန် လေ့လာသောသူတို့က ခေါ်ဝေါ်သော အမည်ဖြစ်၏ ။ ဗုဒ္ဓဝါဒသည် ဗုဒ္ဓကိုအကြောင်းပြု၍ ဗုဒ္ဓကဲ့သို့ အမှန်တရားကို ရှာဖွေသော သူတို့၏ ဝါဒဖြစ်၏ ။ ထေရဝါဒနှင့် ဘဂဝါ ဝါဒသည် တခြားစီ ဖြစ်၏ ။ သို့စဉ်လျက် ဗုဒ္ဓကို ဘဂဝါဟူလဲ ခေါ်၏ ။ ဤသည်မှာ ဗုဒ္ဓသာသနာထဲသို့ ဘက္ကတိဝါဒ ဝင်ရောက်နေသော လက္ခဏာဖြစ်၍ နောက်ကာလ၌ ဗုဒ္ဓအား ရှစ်ခိုးပူဇော်ခြင်း ဆုတောင်းခြင်း တန်ခိုးတော်အနတ္တ ကို ယုံကြည်ခြင်း စသည်တို့ဖြင့် သိသာထင်ရှားလာ၏ " လို့ ရေးသားခဲ့ကြတယ် ။
ကောင်းပြီ ။ ဒီအဆိုကို ပြန်ပြီ စီစစ်ဖို့အတွက် ထေရဝါဒ ပိဋကတွေထဲက ဘဂဝါကို ဘယ်လို အသုံးနဲ့ သုံးတာလဲဆိုတာ ခွဲခြားစီစစ်ဖို့လိုပါတယ် ။ အဲ့ဒီ့အဖြေကို စီစစ်ဖို့ရာအတွက် နောက်ထပ် တစ်ခု လေ့လာမှတ်သားဖို့ လိုအပ်လာပါတယ် ။ အဲ့ဒါက မန္တတွေ ပေါ်ပေါက်လာပုံကို နည်းနည်း လေ့လာကြည့်ရမှာပါ ။ ဒီလိုပါ အာရိယန်လူမျိုးတွေ ဝင်ရောက်လာတုန်းက အဲ့ဒီ့ အာရိယန်လူမျိုးတွေနဲ့ တစ်ပါးတည်း မန္တန်တွေလဲ ပါလာခဲ့ကြတယ် ။ ပညာသင်ကြားတဲ့ အခါက ရှေးမဆွကဆိုရင် နှုတ်တိုက်ပဲ သင်ရာကနေ နောက်ပိုင်းမှာ အရေးပါတဲ့ စကားလုံးတွေကို ရွေးချယ်ပြီး ဆက်စပ်မှုတွေလုပ်ကြကာ မန္တန်တွေ အမြောက်အများ ဖွဲ့တီခဲ့ကြပါတယ် ။ ထိုအခါမှ သုတ်တရားတွေ ပေါ်လာကြတယ် ။ နောက်တော့ သုတ်တရားကို အကျယ်ချဲ့တဲ့ ဘာသာတွေ ပေါ်လာခဲ့ကြပြန်ပါတယ် ။
အဲ့ဒီ့အခါတုန်းကဆို ယဇ်ပုဇော်ခြင်း မင်္ဂလာယူခြင်းတို့နဲ့ ပတ်သတ်တဲ့အခါ ဗြာဟ္မဏကျမ်းတွေကလဲ အများအပြားကို ပေါ်လာခဲ့ပြန်ရော ။ အဲ့ဒီ့တုန်းကဆိုရင် ပုဏ္ဍားများက ဘုရင်တွေရဲ့ဆရာဖြစ်လာတော့တယ်ပေါ့ ။ အဲ့ဒီလိုတွေ ရှိခဲ့တာမို့ မန္တန်ဆိုတာ ဂုဏ်တော်တွေကို သို့မဟုတ် တရားတော်တွေကို အရှည်ကြီးတွေမမှတ်နိုင်တော့တဲ့အတွက် ထိထိရောက်ရောက် ဖြစ်ဖို့ရာ အဓိကကျတဲ့ စကားလုံးလေးတွေကို ရွေးပြီး သီကုံးခဲ့တာပါပဲ ။ အဲ့ဒီလို လုပ်ကြတာဟာ ဘာသာရေး ဂိုဏ်းအားလုံးပါပဲ ။
တစ်ချို့က ဘဂဝါကို ဗြဟ္မာကြီး ( ဖန်ဆင်းရှင် ) အဖြစ် သုံးကြပေမယ့် တစ်ချို့ကတော့ ဘဂဝါကို ဘုန်းတော်အနန္တ ညာဏ်တော်အနန္တ ပါရမီ ပေါင်းများစွာ ဖြည့်ကျင့်ခဲ့ရတဲ့အတွက် တုနှိုင်းမဲ့ အဖြင့် သုံးပါတယ် ။ သုံးပုံခြင်းမတူပါဘူး ။ ဒါက ထွေထွေထူးထူးမဟုတ်ပါဘူးလေ ။ သူက စကားလုံးအပေါ်မှာ ယူသွားတဲ့ အဓိပ္ပါယ် ပညတ်တစ်ခုပါ ။ ဥပမာ ဗြဟ္မဏတွေက ဘဂဝါကို သုံးတဲ့အခါ တုနှိုင်းမဲ့ ဖန်ဆင်းရှင်ပေါ့ / ထေရဝါဒကတော့ ဘဂဝါဆိုရင် ပါရမီတွေဖြည့်ကျင့်ခဲ့လို့ ဘုန်းတော်အနန္တ ညာဏ်တော်အနန္တ တုနှိုင်းမဲ့ အဖြင့် ယူပါတယ် ။ လုံးဝမတူဘူးနော် ။
ဒါနဲ့ ဗုဒ္ဓနဲ့ ဘဂဝါ ဘာလို့ သုံးတာလဲ နည်းနည်း ဆက်လေ့လာကြည့်ပါမယ် ။ ဗုဒ္ဓဆိုတာ မြတ်စွာဘုရားကို ရည်ညွှန်းတယ်လို့ ဒီလိုသုံးကြပါတယ်။ ဒါလဲ သင့်လျှော်ပါတယ် ။ သို့သော် နည်းနည်း သိထားသင့်တာက ဗုဒ္ဓဆိုတာ မြတ်စွာဘုရားကိုပဲ ရည်ညွှန်းတာ မဟုတ်ကြောင်လေးပါ ။ ဒါက ပိဋကတ်တော် အချို့မှာဆိုရင် တက်သိလိမ္မာတဲ့ ပညာရှိပုဂ္ဂိုလ်များကိုလဲ ဗုဒ္ဓစကားလုံးနဲ့ သုံးထားကြပါတယ် ။ ဒါကြောင့် ပညာရှိ ပုဂ္ဂိုလ်များနဲ့လဲ သတ်ဆိုင်တယ်လို့ ဒီလိုနားလည်ရမှာပါ ။
ဗုဒ္ဓကို အကျမ်းဖျင်းပြောရရင်တော့ သုတဗုဒ္ဓ / စတုသစ္စဗုဒ္ဓ / ပစ္စေကဗုဒ္ဓ / သဗ္ဗညုဗုဒ္ဓဆိုပြီး လေးပါးဖြစ်ပါတယ် ။ သို့သော်လဲ အလုံးစုံကို ဗုဒ္ဓအဖြင့် သုံးလျှင်လဲမူ သင့်လျော်မည်မဟုတ်ကြောင်း စာဖတ်သူလဲ သိမှာဖြစ်ပါတယ် ။ နည်းနည်း လေ့လာချင်ရင်တော့ ဆွယ်စုံကျမ်း အပိုင်း ( ၈ ) ပထမအပိုင်း (က) - စာ - ၁၄၈ မှ ၁၅၀ ထိ လေ့လာကြည့်နိုင်ပါတယ် ။
ဆိုတော့ကာ မန္တန် တွေ တီကုံးလေတော့အဓိက ဂုဏ်တော်တွေ ပြည့်စုံတဲ့စကားလုံးကို ထုတ်နှုတ်ကြတဲ့အခါ ဂုဏ်တော်နဲ့ ပြည့်စုံအောင် အသီးသီး သီကြူးကြပါတယ် ။ ပြည့်စုံအောင် ထုတ်နှုတ်ကြပါတယ် ။ အဲ့ဒီလို ထုတ်နှုတ် သီကြူးကြတဲ့အခါ အဓိပ္ပါယ်ကွဲသွားမယ် ထင်မြင်ချက် ကွဲလွှဲသွားဟန်ရှိတဲ့ အသုံးတွေကို အတက်နိုင်ဆုံး စီစစ်ကြဟန်တူတာကို ထည့်သွင်း ဆင်ခြင်ရမှာပါ ။ ထို့ကြောင့် မန္တန်တွေမှာ ဘဂဝါကိုသုံးတာတွေ မန္တဆိုတာ တန်ခိုးရှင်အဖြင့် ထေရဝါဒက သီဆိုကြတာမျိုးမဟုတ်သလို ဂုဏ်တော်တွေကို အောက်မေ့ပြီး ကုသိုလ်ဘာဝနာပွားစေခြင်းကိုသာ ရည်တာပါ ။ ဒါကြောင့် ဟိန္ဒူတွေရဲ့ ဘဂဝါနဲ့ ထေရဘဂဝါဟာ လုံးဝ မတူပါလို့ ဒီလို နားလည်ရမှာပါ ။ ပိဋကတ်ထဲကို ဟိန္ဒူအယူတွေ ဝင်ရောက်နေခြင်းလဲမဟုတ်ပါ ။ သုံးထားတဲ့ တုနှိုင်းမဲ့တွေဟာ အဓိပ္ပါယ် ခံယူချက် အမျိုးမျိုးကွဲကြောင်းကို နားလည်ရမှာဖြစ်ပါတယ် ။ ထို့ကြောင့် အချုပ်အနေနဲ့ပြောရရင်တော့ ဟိန္ဒူအယူအရ ခေါ်ဝေါ်ကြတဲ့ ဘဂဝါဆိုတာဟာ ဖန်ဆင်းရှင်ဗြာဟ္မာကို ရည်ညွှန်းပြီး ထေရဝါဒ ဗုဒ္ဓရဲ့ ဘဂဝါဆိုတာကတော့ ဘုန်းတော် အနန္တ ညာဏ်တော်အနန္တ ပါရမီတွေ ဖြည့်ကျင့်ခဲ့ရတဲ့အတွက် တုနှိုင်းမဲ့ရှင်တော်မြတ်ဘုရားကို ရည်ညွှန်းထားကြောင်း ရှင်းရှင်းလင်းလင်း ကွဲပြားစွာ မှတ်သားရပါမယ်လို့ ဒီိလို သဘောကျမိပါတယ်ခင်ဗျာ ။
#htoohtoolay

Comments
Post a Comment