ဂိုဏ်းကွဲခြင်း ( ခရစ်ယာန် )
-------------
တပည့်တော်ကြီး ၁၂ ဦးတို့အနက် ရှိမှန်သည် ယေရှုသခင်ကို ခရစ်တော်ဖြစ်ကြောင်း ဦးစွာ သိမြင်ခဲ့သူဖြစ်သည် ။ ယေရှုက ရှိမှန်ကို ပေတရု အမည်သို့ ပြောင်းစေကာ တပည့်တော်ကြီးများအနက် အကြီးအမှူးအရာကို ပေးသည် ။ ပေတရုသည် ခရစ်တော်ကို ငြင်းပယ်ခဲ့သူပင် ဖြစ်သော်လည်း အခြားတပည့်တော်ကြီးများကို အုပ်ချုပ်မည့်သူအဖြင့် ခန့်အပ်ခဲ့သည် ။
ယေရှုခရစ်တော်၏ နောက်ဆုံး ညစာစားပွဲတွင် တပည့်တော်ကြီးများအား ခရစ်ယာန်ဘာသာ ပျံ့ပွားရေးကို ဆောင်ရွတ်စေရန်အတွက် ဂိုဏ်းအုပ်များအဖြင့် သိက္ခာတင်ပေးခဲ့သည် ။ ခရစ်တော် ကောင်းကင်ဘုံသို့ တက်သွားပြီးနောက် ၉ ရက်မျှ ဂျေရုစလင်မြို့တွင် နေထိုင်ကြပြီး တပည့်တော်တို့သည် ခရစ်ယာန်ဘာသာ သာသနာပြုရန် ထွက်သွားကြလေသည် ။
တပည့်တော်ကြီး ပေတရုသည်လည်း ရောမမြို့သို့ သွားရောက်၍ ရောမမြို့၏ ပထမဦးဆုံးသော ဂိုဏ်းအုပ်အဖြစ်ဖြင့် သာသနာပြုလေသည် ။ ခရစ်သက္ကရာဇ် ၆၄ သို့မဟုတ် ၆၇ ခုနှစ်တွင် နီရိုးဘုရင်လက်ထက် ရှင်ပေတရုမှာ ကွပ်မျက်ခြင်းကို ခံလိုက်ရသည် ။ ထိုအချိန်တွင် ခရစ်ယာန်ဘာသာကို အခြားဘာသာများကဲ့သို့ တရားဝင်ကိုးကွယ်ခွင့်မရရှိသေးပေ ။
ရှင်ပေတရု၏ နေရာကို ပထမဦးဆုံး ဆက်ခံသောသူမှာ လိနပ်ဖြစ်ပြီး ဒုတိယမြောက်ဆက်ခံသူမှာ ကလီတပ် ဖြစ်သည် ။ ကလီတပ်ကို တသမန် က ဆက်ခံသွားသည် ။ ရောမအင်ပါယာ၏ ဗဟိုအချက်အချာ ရုံးစိုက်ရာတွင် ရောမမြို့ဖြစ်၍ ခရစ်ယာန်ဘာသာ ဌာနချုပ်သည်လည်း ရောမမြို့ပင်ဖြစ်သည် ။ ခရစ်တော်ကပင် တပည့်ကြီးများအနက် အကြီးအမှူးခေါင်းဆောင်အဖြင့် သတ်မှတ်ခံခဲ့ရသော ရှင်ပေတရုမှာ အုပ်ချုပ်ရေး အချက်အချာ ရောမဂိုဏ်းအုပ်အဖြင့် ဆောင်ရွက်ရလေရာ ခရစ်ယာန်ဘာသာတစ်ခုလုံး၏ အကြီးအကဲ ပုတ် ခေါ် ရဟန်းမင်းကြီးအဖြင့် ရောက်ရှိသွားသည် ။ ပုတ်ရဟန်းမင်းကြီးအဖြင့် ဆောင်ရွက်ရပြီး ရှင်ပေတရု လက်ထက်မှစ၍ ရဟန်းမင်းကြီးအဆက်ဆက်ဖြင့် အုပ်ချုပ်လာခဲ့ရာ ယခုအခါ ၂၆၃ ဦးပင် ရှိလေပြီဖြစ်ကြောင်းဆို၏ ။
ခရစ်နှစ် ၃၁၃ ခုနှစ် အထိ ရောမအင်ပါယာတွင် ခရစ်ယာန်ဘာသာသည် တရားဝင်အသိအမှတ်ပြုထားသော ဘာသာမဟုတ်၍ ခရစ်ယာန်ဘာသာကိုးကွယ်သူနှင့် ဟောပြောသူတို့မှာ နှိပ်စက်ခြင်းကို ခံကြရသည် ။ ရှင်ပေါလုသည်လည်း ကွပ်မျက်ခံရသည် ။ ၃၁၃ခုနှစ်ကျမှ အခြားဘာသာများနှင့် တန်းတူအခွင့်အရေးကို ရှိခဲ့ပြီး ၃၈၀ ခုနှစ်သို့ရောက်သောအခါမူကား ရောမအင်ပါယာ၏ နိုင်ငံတော်ဘာသာအဖြင့် အသိအမှတ်ပြုခြင်းကို ခံရလေသည် ။
ပုပ်ရဟန်းမင်းကြီးသည် ယခုအခါ ကတ်သလစ်ဂိုဏ်း၏ အကြီးဆုံး အမြင့်ဆုံးသော အာဏာပိုင် ပုဂ္ဂိုလ်ဖြစ်သည် ။ ကတ်သလစ်တို့၏ အလိုတော်အရ ခရစ်တော်သည် ခရစ်ယာန်အသင်းတော်၏ အကြီးဆုံးဖြစ်သည် ။ ခရစ်တော်ကား မမြင်ရသော အကြီးအမှူးပုဂ္ဂိုလ်ဖြစ်ပြီး ရဟန်းအင်းကြီးကား မြင်သာသော အကြီးအမှူးဖြစ်သည်ဟု ဆို၏ ။ ခရစ်တော်၏ လက်ထောက်ပုဂ္ဂိုလ်ဖြစ်သည် ။ ကမ္ဘာလောကကြီးဆိုင်ရာ ခရစ်တော်၏ ကိုယ်စားလှယ်ဖြစ်သည် ။ ရဟန်းမင်းကြီးတို့သည် ခရစ်ယာန်ဘာသာ ယုံကြည်မှုရေးရာနှင့် ဝိနည်းစည်းကမ်း ရေးရာတို့ကို စီရင်ဆုံးဖြတ်သောအခါတွင် မမှားနိုင်ချေ ။ ဤကိစ္စများနှင့်ပတ်သက်၍ ရဟန်းမင်းကြီး၏ အဆုံးအဖြတ်ကို ကတ်သလစ်အားလုံးကမလွဲမသွေ လိုက်နာရသည် ။ အခြားကိစ္စများတွင် ရဟန်းမင်းကြီးတို့၏ အယူအဆများ အမှားပါရှိနိုင်သော်လည်း ဤကိစ္စများကို ဆုံးဖြတ်ရာတွင်ကား ဘုရားသခင်၏ သန့်ရှင်းသော ဝိညာဉ်တော်တန်ခိုးကြောင့် မမှားနိုင်ချေဟု ဆိုသည် ။
ကတ်သလစ်ဘာသာ စည်းရုံးရေး နယ်မြေတစ်ခုကို ဒိုင်အိုစီ ဟုခေါ်၍ ထိုနယ်မြေကို ဂိုဏ်းအုပ်တစ်ဦးကျ အုပ်ချုပ်ကာ စီမံခန့်ခွဲသည် ။ ဒိုင်အိုစီ နှစ်ခု သုံးခုကို ပေါင်းရုံကာ ဂိုဏ်းချုပ်တစ်ဦးက အုပ်ချုပ်သည် ။ ဒိုင်အိုစီ နယ်မြေမတွင် ပါဝင်သော ခရစ်ယာန်ဘာသာဝင် များပြားလွန်းသဖြင့် ထပ်မံဘုရားရှစ်ခိုးကျောင်းအလိုက် Rarish ခေါ် နယ်မြေကလေးများကို ခွဲခြားထားသည် ။ ထိုနယ်မြေကို တရားဟောဆရာများက ကြီးကြပ်သည် ။
ဂိုဏ်းအုပ်များသည် တပည့်များကို ဆက်ခံသူများပင် ဖြစ်၍ ရဟန်းမင်းကြီးပြီးလျှင် ဂိုဏ်းအုပ်များပင် အမြင့်ဆုံးအဆင့် ဖြစ်တော့သည် ။ သို့သော်လည်း ကာဒီနယ်များ အဖွဲ့က ယခုအခါ ဂိုဏ်းချုပ်များထက် အဆင့်မြင့်နေသည် ။ မူလကတည်းက ရဟန်းမင်းကြီးတို့သည် ဂိုဏ်းအုပ်များကဲ့သို့ လက်အောက်အရာရှိများထားရှိသည် ။ ဂိုဏ်းအုပ်တို့၏ လက်ထောက်အရာရှိများ လုပ်ကိုင်ရသောအလုပ်မှာ ဒိုင်အိုစီ အတွင်းကိစ္စများသာဖြစ်သော်လည်း ရဟန်းမင်းကြီး၏ လက်ထောက်အရာရှိများကား ကက်သလစ်အသင်းတော်တစ်ခုလုံးနှင့် ဆိုင်သော လုပ်ငန်းများကို လုပ်ကိုင်ရသည် ။ တဖြည်းဖြည်း တိုးတက်လာခဲ့ရာ ယခုအခါ ကာဒီနယ်များအဖွဲ့ အဆင့်သို့ ပြောင်းလဲရောက်ရှိခဲ့သည် ။
ကာဒီနယ်များအဖွဲ့ကို ရဟန်းမင်းကြီး၏ ဝန်ကြီးအဖွဲ့ဟုပင် ဆိုနိုင်သည် ။ ကာဒီနယ် အဖွဲ့ဝင်များသည်သီးခြားဌာန တစ်ခုစီကို တာဝန်ယူ ကိုင်တွယ်ရသည် ။ ရဟန်းမင်းကြီး၏ နိုင်ငံခြားရေးရာကို ကိုင်သောဝန်ကြီး၏ ရာထူးအမည်ကို နိုင်ငံခြားရေးဝန်ကြီး သို့မဟုတ် နိုင်ငံခြားရေး အတွင်းဝန်ဟု ခေါ်တွင်သည် ။
ကာဒီနယ်များအဖွဲ့၏ အရေးအကြီးဆုံးသော တာဝန်မှာ ရဟန်းမင်းကြီး၏ ရွေးကောက်ပွဲကိုကျင်းပပေးရခြင်း ဖြစ်သည် ။ အရွေးခံရရန် အတွက် စုစုပေါင်း မဲအရေအတွက်၏ သုံးပုံ နှစ်ပုံနှင့် တစ်မဲရရှိရန် လိုအပ်သည် ။
ရဟန်းမင်းကြီးသည် နိုင်ငံပေါင်း အတော်များများနှင့် သံတမန် ဆက်သွယ်ထားရှိသည် ။
ခရစ်ယာန်အသင်းတော်ကို စတင်တည်ထောင်ခဲ့သည်မှ နှစ်ပေါင်း တစ်ထောင်အတွင်း ဂိုဏ်းဂဏ ကွဲပြားခြင်း မရှိပေ ။ နတ်စတိုးရီယံ ကဲ့သို့သော သေးစား ကွဲပြားမှုများကား ရှိခဲ့သည် ။ နောက်ပိုင်းခေတ်တွင် ပင်မကြီး သုံးဂိုဏ်းအဖြင့် ပေါ်ထွက်လာခဲ့သည် ။ ပထမဦးဆုံးအကြိမ် ကွဲပြားခဲ့သည်ကား အေဒီ ၁၀၅၄ ခုတွင်ဖြစ်သည် ။ အရှေ့ပိုင်း အိုသိုဒေါက် ခရစ်ယာန်အသင်း ဂိုဏ်းကြီးသည် အနောက်တိုင်း ရိုမန် ကက်သလစ်ဂိုဏ်းမှ ခွဲထွက်သွားသည် ။ အရှေ့တိုင်း ခရစ်ယာန်အသင်း၏ တည်ရာဌာနကား တူရကီနိုင်ငံ ကွန်စတင်တိုင်နိုပိုမြို့ ယခု အီစတန်ဘူလ်မြို့ ဖြစ်သည်။
ဂိုဏ်းကွဲရသည့်အကြောင်းမှာ ပထဝီ အနေအထား ယဉ်ကျေးမှု ဘာသာစကား နိုင်ငံရေး ဘာသာရေး စသည်ဖြင့် ရှုပ်ထွေးနေသည် ။
အရှေ့တိုင်း ခရစ်ယာန် အသင်းတော်၌ ပါဝင်သောအသင်းများမှာ အလ်ဘန်နီးယား ဘူဂေးရီးယား ဆိုဗီယက် ဂရိ ပိုလန် ရူမေးနီးယား ဆားဗီးယားနှင့် ဆိုင်းနိုင်း ဒေသရှိ အသင်းများဖြစ်သည် ။
အနောက်ပိုင်း ရိုမန်ကက်သလစ်ဂိုဏ်းကြီးမှ တစ်ဖန် ဂိုဏ်းကြီးတစ်ခုကို ၁၆ ရာစုတွင် ခွဲထွက်၍ တည်ထောင်လာကြပြန်သည် ။ ခရစ်ယာန် ဘာသာဝင်များက ကျူးလွန်ခဲ့သော အပြစ်များကို ခရစ်ယာန် အသင်းတော်ကြီးက အပြစ်မှ လွတ်မြောက်ခြင်းပြုသည့် ကိစ္စနှင့် ပတ်သတ်၍ ဂျာမန် ခရစ်ယာန် ဘုန်းတော်ကြီး မာတင်လူသာသည် ၁၅၁၇ ခုနှစ်တွင် ကက်သလစ်တို့၏ အယူအဆကို ဆန့်ကျင်ဟောပြောရာမှ ပရိုတက်ဆတင့် ဂိုဏ်းကြီး ကို ပေါက်ပွားခဲ့လေသည်။
ပရိုတက်စတင့် ဂိုဏ်းတွင်လည်း ထပ်၍ ကွဲသွားကြပြန်ရာ ဂျာမနီနိုင်ငံရှိ မာတင်လူသာ တည်ထောင်သော ဂိုဏ်းကို လူသာယန်ဂိုဏ်း ဟူ၍လည်းကောင်း ပြင်သစ်နိုင်ငံရှိ ဂိုဏ်းကို ကယ်ဗင်ဂိုဏ်းဟူ၍လည်းကောင်း အင်္ဂလန်ရှိ ဂိုဏ်းကို အင်ဂလီကန်ဂိုဏ်းဟူ၍လည်ကောင်းစကော့တလန်ရှိဂိုဏ်းကို ပရပ်ဘိတာရီနီယံဂိုဏ်းဟူ၍ လည်းကောင်း အမေရိကန်ဂိုဏ်းကို ဘတ်တစ်ဂိုဏ်း ဟူ၍ လည်းကောင်း အသီးသီးခေါ်သွင်ကြသည် ။
ရိုမန်ကက်သလစ်ဂိုဏ်းသည်ကား ရဟန်းမင်းကြီး၏ လက်အောက်တွင် နောက်ထပ်ကွဲပြားခြင်း မရှိပဲ အလယ်ခေတ်တွင် ရဟန်းမင်းကြီးပင်လျှင် နယ်မြေအများအပြားကို ပိုင်ဆိုင်ထားခဲ့သည် ။ ခရစ်နှစ် ၇၅၄ ခုနှစ် ရဟန်းမင်းကြီး ပေပင် လက်ထက်က စ၍ နယ်မြေများကို ပိုင်ဆိုင်ခဲ့ရာ အီတလီနိုင်ငံကိုမြောက်ဘက်မှ အရိုင်းအစိုင်းများ ဝင်ရောက်တိုက်ခိုက်သောအခါ နယ်မြေများ ပိုမိုရရှိလာသည် ။ ၁၈၇၀ ပြည့်နှစ်တွင် အီတလီနိုင်ငံ စည်းလုံးညီညွှတ်လာသောအခါ ရဟန်းမင်းကြီးပိုင်နယ်မြေများကို အီတလီ အစိုးရက သိမ်းယူသွားတော့သဖြင့် အီတလီ အစိုးရနှင့် ရဟန်းမင်းကြီးတို့ မတင့်မတင့် ဖြစ်ခဲ့ကြသည် ။
၁၉၂၉ ခုနှစ်တွင်ကျမှ မူဆိုလီနီသည် ရောမမြို့တွင်းရှိ နေရာအချို့ကို ရဟန်းမင်းကြီးအား ပြန်ပေး၍ ပြေငြိမ်းခဲ့ကြသည်ဟုဆို၏ ။ ရောမအတွင်းရှိ ထိုနယ်မြေကို ဗက်တီကန်မြို့တော် အဖြစ် သတ်မှတ်ကာ ရဟန်းမင်းကြီး၏ အချုပ်အခြာ အာဏာပိုင် နိုင်ငံတစ်ခုအဖြစ် သတ်မှတ်ပေးခဲ့သည်ဟူ၍ လည်းကောင်း လေ့လာထားသမျှတို့ကို အတက်နိုင်ဆုံး ဆက်စပ်ကာ ရေးသားတင်ပြလိုက်ရပါသည် ။
ဗဟုသုတရရှိနိုင်ကြပါစေခင်ဗျာ ။
#htoohtoolay
myothetzaw23.blogspot.com
Comments
Post a Comment