Skip to main content

ဒင်္ဂါး ဆိုတာ !

ဒင်္ဂါး
---
ရွှေ ငွေ ကြေး စသော သတ္ထုတို့ကို တံဆိပ့်အက္ခရာ ခက်နှိပ့်ပြီး သက်ဆိုင်ရာ အစိုးရတို့က မည်ရွေ့ မည်မျှ တန်ဖိုးထိုက်စေဆိုကာ သတ်မှတ်ပေးတဲ့ အသပြာကို ဒင်္ဂါးလို့ ခေါ်တာ ဖြစ်ပါတယ် ။ ဒင်္ဂါးဆိုတဲ့ ဝေါဟာရဟာ ကမ္ဘာသုံး ဝေါဟာရဖြစ်ပါတယ် ။ ရုရှ / ဟန်ဂေရီ / တရုတ် / ပါရှား / တာကစ္စတန် စတဲ့ နိုင်ငံတွေမှာလဲ ဒင်္ဂါးဆိုတဲ့ ဝေါဟာရကိုပဲ အသုံးပြုခဲ့တယ် ။ မြန်မာမှာတော့ ဒင်္ဂါးဆိုတဲ့ ဝါဟာရကို ပါဠိစကားလုံး ဋင်္ကမ ထုတ်ယူသုံးစွဲသည်လို့ အဆိုရှိတယ် ။ဘုရင့်တံဆိပ်လက်ရာရှိတဲ့ ငွေကြေးလို့ အဓိပ္ပါယ်ရပါတယ် ။

ဒင်္ဂါးများမပေါ်မီက ရောင်းဝယ်ဖေါက်ကားပြုရာမှာ ကုန်နဲ့ ကုန်ခြင်း ဖလှယ်ကြရတယ် ။ ဒီစနစ်ဟာ အင်မတန် ခက်ခဲပြီး မလွယ်ကူတာကြောင့် ကျောက်သံပတ္တမြားများကို တန်ဘိုးထားကာ အရောင်းအဝယ် ပြုကြရပါတယ် ။ ရွှေတိုငွေစများကိုလဲ ကိုင်တွယ်ရာမှာ လွယ်ကူစေဖို့အတွက် ပုံသဏ္ဍာန်အမျိုးမျိုး ထုလုပ်သုံးစွဲလာကြတယ် ။ ကမ္ဘာပေါ်မှာ အရောင်းအဝယ်ဖလှယ်တဲ့ စနစ်ကို စတင်အသုံးပြုလာတာမှာ တရုတ်က စတင် ထွင်ပြီး အသုံးပြုခဲ့ကြတယ်လို့ ဒီလိုအဆိုရှိတယ် ။ တရုတ်တို့ စတင်ထွင်တဲ့ ကြေးငွေပြားများဟာ ပုံအမျိုးမျိုး ဖြစ်ပါတယ် ။ အဝတ်ဝယ်ဖို့အတွက် ကြေးငွေပြားကို လူပုံသွန်းထားလေတယ် ။ အဲ့ဒီကနေစတင်ပြီး ဒင်္ဂါးဆိုတာ ပေါ်ပေါက်လာခဲ့တာ ဖြစ်တယ် ။

ကမ္ဘာပေါ်မှာ ဒင်္ဂါးကို ပထမဆုံး အသုံးပြုခဲ့တဲ့ နိုင်ငံမှာ အာရှမိုင်းနား ဒေသမှာရှိတဲ့ လီဒီးယားနိုင်ငံ ဖြစ်တယ် ။ ခရစ်မပေါ်မှီ နှစ်ပေါင်း ၇၀၀ ခန့်က စတင်အသုံးပြုခဲ့ပါတယ် ။ အဲ့ဒီ့ ဒင်္ဂါးတွေဟာ ရွှေနဲ့ ငွေကို ရောစပ်ပြီး ပြုလုပ်ထားတာဖြစ်တယ် ။ ရှေးအခါက ဒင်္ဂါးများရဲ့တန်ဖိုးကို အကဲဖြတ်ရာမှာ ဒင်္ဂါးရဲ့ အလေးချိန်နဲ့ အသုံးပြုတဲ့ ဒင်္ဂါးမှာ ပါဝင်တဲ့ သတ္ထု သန့်စင်မှုအပေါ်လိုက်ပြီး ခွဲခြားခဲ့တယ် ။ ဒင်္ဂါးထုတ်လုပ်တဲ့ အတက်ပညာဟာ ဂရိခေတ်မှာ အလွန်တိုးတက် လာခဲ့ပါတယ် ။ ဂရိဒင်္ဂါးများမှာ ဗိသုကာ လက်ရာများ အားကစားပုံများ ဘာသာရေးနဲ့ ဆက်စပ်တဲ့ ပုံများကို ထည့်သွင်းထုလုပ်ထားတယ် ။ ဂရိလူမျိုးများကနေတစ်ဆင့် ရောမနိုင်ငံရဲ့ မြေထဲပင်လယ်ဝန်းကျင်ဒေသများကိုဖြစ်စေ ပါးရှားနိုင်ငံနဲ့ အိန္ဒိယနိုင်ငံများကို ဖြစ်စေ ဒင်္ဂါးသွန်းလုပ်တဲ့ ပညာတွေ ပျံ့နှံ့ခဲ့ပါတော့တယ် ။

အိန္ဒိယနိုင်ငံမှာ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၃၀၀ ခန့်မှာကတည်းက ဒင်္ဂါး ပြုလုပ်တဲ့အတက်ပညာ ရှိနေခဲ့ပြီဖြစ်တယ်လို့ ဆိုပါတယ် ။ ရှရှားဘုရင် ( ၁၅၄၀ - ၁၅၄၅ ) က ငွေဒင်္ဂါးတစ်ပြားကို ရူပီလို့ တန်ဖိုးထားသုံးစွဲရန် သတ်မှတ်ပေးခဲ့တယ် ။ အက္ကဗာဘုရင်နဲ့ ဂျေဟန်ဂျာဘုရင်တို့လက်ထက်မှာ ထုလုပ်ခဲ့တဲ့ ဒင်္ဂါးများက အခုခေတ် ဥရောပတိုက်မှာ ထုလုပ်တဲ့ ဒင်္ဂါးများထက်ကို လှပသပ်ယက်ခဲ့ပါတယ် ။ သတ္ထုလည်း ပိုမိုစစ်ကြောင်း ဆိုကြတယ် ။ မြန်မာနိင်ငံမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ ကျော်ကနေစပြီး ဒင်္ဂါးများကို အသုံးပြုခဲ့တယ်လို့ အဆိုရှိသော်လည်း တွေ့ရှိရတဲ့ ရှေးအကျဆုံး မြန်မာဒင်္ဂါးဟာ ပျူမင်းများခေတ်က သုံးစွဲခဲ့တဲ့ ဟန်လင်းဒင်္ဂါးများသာဖြစ်တယ် ။ အဲ့ဒါကို ကိုးမြို့ဒင်္ဂါးလို့ ခေါ်ပြီး သုံးမျိုးခွဲကာ ကျပ်သုံး ငါးမူးသုံး မတ်သုံး မူးသုံးဆိုကာ ၄ စားထား သုံးပါတယ် ။ ဟန်လင်းဒေသနဲ့ သရေခေတ္တရာ သုံး ဒင်္ဂါးအမျိုးအစားဟာ ခတ်ဆင်ဆင်ဖြစ်တယ် ။

ဟန်လင်းဒင်္ဂါးပထမ မျိုးဟာ တစ်ဘက်မှာ ဥကင်ပုံ / တစ်ဘက်မှာ ယဇ်ပလ္လင် / အဲ့ဒီ့ရဲ့ အထက်မှာ အစက်ငါးပြောက် ပါရှိတယ် ။ နခမ်းသား ပတ်လယ်မှာ အလုံးအရေ မထင်ရှားတဲ့ ဗိန္ဓုပြောက်ကလေးများ ပါရှိပြီး သရေခေတ္တရာ မြို့တော်ဟောင်းရဲ့ လက်ထက်က သုံးစွဲကြတဲ့ ဒင်္ဂါးမျိုးနဲ့ တူပါတယ် ။

ဟန်လင်းဒေသများနောက် မြန်မာနိုင်ငံရဲ့ ရှေ့ကျတဲ့ ဒင်္ဂါးများဟာ ရခိုင် ဒင်္ဂါးများဖြစ်တယ် ။ မြန်မာသက္ကရာဇ် ( ၈၆၀ ) ကျော် ခရစ်နှစ် ၁၄၅၀ ခန့်က ရခိုင်ဘုရင် ကလီမာရှား အမည်ခံ ဘစောဖြူမင်းဟာ အိန္ဒိယနိုင်ငံကနေ ဒင်္ဂါးများကို အတုယူပြီး ရခိုင်ပြည်မှာ ဒင်္ဂါးများကို ပြုလုပ်စေခဲ့တယ် ။ ရခိုင်ဒင်္ဂါးများမှာလဲ ရုပ်ပုံသွန်းဒင်္ဂါးများ မဟုတ်ပဲ သက္ကရာဇ်နဲ့ နန်းတက် ဘုရင်ဘွဲ့ အက္ခရာများကို ရေးထိုးထားတဲ့ ဒင်္ဂါးများသာ ဖြစ်ပါတယ် ။ ပုံပမာ ' ၁၀၀၁ ဆင်နီသခင် ဆင်ဖြူသခင် သတိုးမင်းတံဆိပ့် ' / ' ၁၀၁၄ ရွှေနန်းသခင် စန္ဒသုဓမ္မရာဇာ ' စတာတွေနဲ့ ခပ်နှိပ့်သုံးစွဲကြတယ် ။ ရခိုင်ဒင်္ဂါးများနဲ့ မရှေ့မနှောင်းမှာပဲ ဟံသာဝတီ နေပြည်တော်မှ မွန်ဒင်္ဂါးများ ပေါ်ပေါက်လာခဲ့ပါတယ် ။ မွန် ဒင်္ဂါးများမှာ ဟံသာဝတီရဲ့ အမှတ်အသားဖြစ်တဲ့ ဟင်္သာရုပ်ကို ခပ်နှိပ့်ထားလေတယ် ။

ဒင်္ဂါးသုံးစွဲခြင်းဟာ ပုဂံ မြင်စိုင်း စစ်ကိုင်း ပင်းယ အင်းဝ နဲ့ တောင်ငူ ခေတ်တို့မှာ တိမ်မြှပ်နေပြီးနောက် ညောင်ရမ်းမင်းဆက်များ လက်ထက်တွင်သာ ဒင်္ဂါးသုံးစွဲကြောင်း မှတ်သားရပါတယ် ။ သို့ပေမယ့်လဲ ပုံသဏ္ဍာန်အနေအထားကို အမှတ်အသား မရှိကြပါဘူး ။ ကုန်းဘောင်မင်းဆက်ဖြစ်တဲ့ ဘိုးတော်ဘုရားလက်ထက် မြန်မာသက္ကရာဇ် ၁၁၄၀ ကျော်မှာ မြန်မာဒင်္ဂါးများ ပေါ်ပေါက်လာခဲ့တာဖြစ်တယ် ။ ဘိုးတော်ဘုရားက ဗြိတိသျှ အရှေ့ အိန္ဒိကုမ္ပဏီရဲ့ ကိုယ်စားလှယ် ကပ္ပတိန်ကော့ ယူဆောင်လာတဲ့ ဒင်္ဂါးများကို နှစ်သက်သဘောကျပြီး ကလကတ္တားမြို့မှာ မြန်မာဒင်္ဂါးများကို သွန်းလုပ်စေခဲ့တယ် ။ နောက်မှ အင်္ဂလန်ပြည်ကနေ ဆက်သတဲ့ ဒင်္ဂါးသွန်းစက်နဲ့ ၁၁၄၃ ခုနှစ် နယုန်လဆုတ် တစ်ရက်နေ့မှ စပြီး အမရပူရမြို့တော်မှာ စတင်သွန်းလုပ်ခဲ့ပါတယ် ။ ဘိုးတော်ဘုရားလက်ထက်မှာ သွန်းလုပ်တဲ့ ဒင်္ဂါးများအနက် ငွေဖြင့်သွန်းတဲ့ ဒင်္ဂါးမှာ တစ်ဖက်မှာ ဘိုးတော်ဘုရား နံတော်သင့်တနင်္လာ ကျားရုပ်သဏ္ဍာန်ပါရှိပြီး တဘက်မှာတော့ ၁၁၄၆ အမရပူရ ဆင်ဖြူရှင်နိုင်ငံလို့ စာတန်းထိုးထားပါတယ် ။ ကြေးနဲ့ သွန်းတဲ့ ဒင်္ဂါးများမှာ တဘက်က နံတော်သင့် တနင်္လာက ဝဂ်အဆုံး င အနား ပတ်လည်ကို ထူပြီး ငါးရုပ်ဖိုမ သဏ္ဍာန် ပါရှိကာ အနားပတ်လည် ဗိန္ဓုပြောက်ကျားနဲ့တကွ တစ်ဘက်မှာ ဘိုးတော်ဘုရား နန်းတက်တဲ့နှစ်ကို အစွဲပြုပြီး ၁၁၄၃ တပို့တွဲလပြည့်ကျော် ၁၄ ရက်လို့ ဆိုတဲ့ စာတမ်း ပါရှိပါတယ် ။ အဲ့ဒီ့ ကြေးဒင်္ဂါးတွေကို ၁၁၇၄ ခုနှစ်မှာ ပြန်လည်ရုပ်သိမ်းလိုက်တဲ့အတွက် နှစ်ပေါင်း ၂၈ နှစ်သာ အသုံးပြုခဲ့ကြရတယ် ။ အဲ့ဒီ့ ဒင်္ဂါး ၂ မျိုးအပြင် ရွှေပြည်စိုး တံဆိပ့်တော် ငွေဒင်္ဂါးနဲ့ ကြေးဒင်္ဂါးများလဲ သုံးစွဲကြပါတယ် ။ ဘိုးတော်ဘုရား လက်ထက် ဒင်္ဂါးများမှာ တကျပ်သုံး ငါးမူးသုံး တမတ်သုံး တမူးသုံး ဆိုပြီး ရှိတယ် ။ ဘိုးတော်ဘုရားလက်ထက်မှာ မြန်မာဒင်္ဂါး ရခိုင်ဒင်္ဂါး ဝေသာလီဒင်္ဂါး နဲ့ ကုလားဒင်္ဂါးဆိုပြီး ၄ မျိုး ရှိခဲ့ကြပါတယ်ခင်ဗျာ ။

ဗဟုသုတ ရရှိနိုင်ကြပါစေ
#htoohtoolay

Comments

Popular posts from this blog

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

သင်္ကြန်

သင်္ကြန် ----- နှစ်သစ်ကူးပွဲတော်ကို မြန်မာတို့က သင်္ကြန်ပွဲတော်ဟု သိကြသည် ။ သင်္ကြန်ဟူသော စကားမှာ သက္ကဋဘာသာမှ လာခြင်းဖြစ်ပြီး ၊ ၁၂ ရာသီခွင် တစ်ခုခုသို့ နေမင်းဝင်ရောက်ခြင်းဟု အဓိပ္ပာယ်ရှိသည် ။ နှစ်သစ်ကူးပွဲတော်ကို ၊ မြန်မာ့နက္ခတ္တဗေဒတွင် မဟာသင်္ကြန်ဟု ခေါ်ကြသည် ။ နေသည် မိန်ရာသီ ( ငါးရုပ် ) မှ မိဿရာသီ ( ဆိတ်သိုးရုပ် ) သို့ ကူးပြောင်းမှုကို အထိမ်းအမှတ် ပြုခြင်း ၊ နေနှစ်တစ်နှစ်၏ အဆုံးမှ နောက်နှစ်တစ်နှစ်၏အစသို့ ကူးပြောင်း သော အရေးကြီးသည့် အကူးအပြောင်း ဖြစ်ခြင်းတို့ကြောင့် မဟာသင်္ကြန်ဟု ခေါ်ခြင်းပင် ဖြစ်သည် ။ မြန်မာ့ပြက္ခဒိန်သည် လပြက္ခဒိန် ဖြစ်သောကြောင့် ပွဲတော်ရက်ကို အရှင်ထားရသည် ။ ပုံသေ သတ်မှတ်ထား၍ မရ ။ တစ်နှစ်နှင့်တစ်နှစ် နှစ်သစ်ကူးသော ရက်လ မတူကြပေ ။ သို့သော် အနောက်တိုင်း ပြက္ခဒိန်မှာ နေပြက္ခဒိန်ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဧပြီ ၁၃ မှ ၁၅ ရက် သို့မဟုတ် ၁၃ မှ ၆ ရက် သို့မဟုတ် ၁၄ မှ ၁၆ ရက်အတွင်း ပွဲတော် ကျရောက်လေ့ ရှိသည် ။ မြန်မာတို့က နှစ်တစ်နှစ်ကို တွက်ချက်သောအခါ နေ၏အသွား အလာကိုပါ ထည့်သွင်းစဉ်းစားသည်ဟု ဆိုနိုင်သည် ။ ထို့ကြောင့် မြန်မာနှစ် ၏ ပထမလဖြစ်သော တန်ခူးလကို နှစ်သစ်မတိုင်မီ ...